၂၀၁၂ ခုနှစ် အာဆီယံအမျိုးသမီး ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ (AFF Women's Championship 2012) ကို စက်တင်ဘာ ၁၃ ရက်မှ ၂၂ ရက်အထိ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တွင် ကျင်းပသွား မည်ဖြစ်ရာ မြန်မာအမျိုးသမီး လက်ရွေးစင်အသင်း ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ် သည်။ မြန်မာ အမျိုးသမီး အသင်းသည် အုပ်စု (က) တွင် အိမ်ရှင် ဗီယက်နမ်၊ စင်ကာပူ၊ ဖိလစ်ပိုင်အသင်းများနှင့် ကျရောက်လျက်ရှိပြီး အုပ်စု (ခ) တွင်မူ လက်ရှိ ချန်ပီယံ ထိုင်း၊ မလေးရှား၊ လာအို အသင်းများ ပါဝင်လျက်ရှိသည်။ အဆိုပါ အုပ်စုတွင် မူလက အင်ဒိုနီးရှားအသင်း ပါဝင်သော်လည်း ပြိုင်ပွဲမတိုင်မီ နုတ်ထွက်သွားသောကြောင့် သုံးသင်းသာ ကျန်ရှိတော့ခြင်း ဖြစ်သည်။ အာဆီယံ ဒေသများတွင် ထိပ်တန်းနေရာတစ်ခု ရရှိထားသော မြန်မာ အမျိုးသမီး အသင်းသည် ယင်းပြိုင်ပွဲတစ်လျှောက်တွင် နှစ်ကြိမ် ဗိုလ်စွဲထားကာ ဦးဆောင်ထားပြီး ထိုင်း၊ ဗီယက်နမ်၊ သြစတြေးလျ အသင်းများက တစ်ကြိမ်စီ ဗိုလ်စွဲထားသည်။ ယခုနှစ် ပြိုင်ပွဲတွင်လည်း ထိုင်း၊ ဗီယက်နမ်၊ မြန်မာအသင်း သုံးသင်းသာ ဗိုလ်စွဲရန်အတွက် ရေပန်းစားနေပြီး အဆိုပါ သုံးသင်းထဲမှာသာ ချန်ပီယံအသင်း ပေါ်ထွက် လာဖွယ် ရှိနေသည်။ အုပ်စုခွဲဝေမှု အနေအထားအရ မြန်မာအသင်းသည် အုပ်စု ပထမ နေရာ ရရှိမှသာ အခြားအုပ်စု ပထမနေရာ သေချာနေသည့် ထိုင်းအသင်းကို ရှောင်လွှဲနိုင်မည်ဖြစ်ပြီး ဗိုလ်လုပွဲသို့ သွားရာ လမ်းကြောင်းသည် ပိုမိုဖြောင့်ဖြူးနိုင်ဖွယ် ရှိနေသည်။ မြန်မာအသင်း အနေဖြင့် အိမ်ရှင် ဗီယက်နမ် အသင်းကို အသာရရှိနိုင်ရန် ခက်ခဲစွာ ကြိုးစားရဖွယ်ရှိနေပြီး အုပ်စု ပထမနေရာအတွက် ဗီယက်နမ်နှင့် ရင်ဆိုင်ရမည့် အုပ်စု နောက်ဆုံးပွဲစဉ်က အဆုံးအဖြတ် ဖြစ်လာမည် ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအမျိုးသမီး လက်ရွေးစင်အသင်းသည် စက်တင်ဘာလ ၁ ရက်မှ ၁၀ ရက်အထိ ဂျပန်နိုင်ငံ၊ အိုဆာကာမြို့၌ နေထိုင်လေ့ကျင့်ကာ ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ၎င်းမှတစ်ဆင့် ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြိုသို့ ဆက်လက်ထွက်ခွာမည် ဖြစ်သည်။ မြန်မာအမျိုးသမီး လက်ရွေးစင် အသင်းအား လက်ရှိ နည်းပြချုပ် တာဝန်ရှိနေသည့် ဂျပန်လူမျိုး ကူမာဒါက “ဂျပန်လို ဘောလုံး အဆင့်မြင့်တဲ့ နိုင်ငံမှာ ပြိုင်ပွဲမတိုင်ခင် ခြေစမ်းလေ့ကျင့်ရမှာ ဖြစ်တဲ့အတွက် အကျိုးရှိစေမှာပါ။ လက်ရှိအချိန်မှာ ဂျပန်ကစားသမားတွေနဲ့ မယှဉ်ပြိုင်နိုင်သေးပေမယ့် အာဆီယံ အသင်းတွေကိုတော့ ကောင်းကောင်းယှဉ်နိုင်မှာပါ” ဟု ဆိုသည်။ ထို့ပြင် ၎င်းက မြန်မာ ကစားသမားများ၏ ဘောလုံးအဆင့်အတန်း မနိမ့်ပါကြောင်း၊ ဘောလုံးနှင့်အတူ လှုပ်ရှားကစားပုံ အားနည်းချက် ရှိနေခြင်းဖြစ်ကြောင်း ဘောလုံးနှင့် တစ်ပါတည်း လှုပ်ရှားကစားပုံ ကောင်းစေချင်ကြောင်း သို့အတွက် ပြင်ဆင်လေ့ကျင့်နေကြောင်း ဆက်လက်ပြောကြားသည်။ ရပါတယ်။ လူဟောင်းတွေကလည်း သူတို့အတွေ့အကြုံပိုင်းနဲ့ ထိန်းဖို့အတွက် လိုအပ်ပြီး လူငယ်လေးတွေကလည်း ကြိုးစားကစားမယ်ဆိုရင် အသင်းက ပိုကောင်းလာမှာပါ။ ကျွန်တော်ကိုင်တဲ့ လက်ထက်ကတည်းကလည်း လူငယ်တွေကို လူကြီးတွေနဲ့ ဆွဲတင်လာတာပါ။ အဲဒီအချိန်တုန်းက လူငယ်တွေက ခုဆို အသင်းရဲ့ အမာခံ ကစားသမားတွေ ဖြစ်နေပါ ပြီ” ဟု မြန်မာအမျိုးသမီး လက်ရွေးစင်အသင်းကို ၂၀၀၆ မှ ၂၀၁၁ အထိ ကိုင်တွယ်ခဲ့သည့် ယခင်နည်းပြချုပ်ဟောင်း ဦးအေးကြူကြီးက သုံးသပ်သည်။ သို့သော် လက်ရှိ ဒေသတွင်း နိုင်ငံများတွင် ထိပ်သီးအဆင့်ရှိနေသော မြန်မာအမျိုးသမီး ဘောလုံး အားကစားအား အထောက်အပံ့ အားပေးမှု အပိုင်းများတွင်မှု အားရမှု မရှိသေးကြောင်း အားကစား ကျွမ်းကျင်သူများနှင့် ပရိသတ်များက သုံးသပ်ပြောကြားသည်။ “လက်ရှိ ပြည်တွင်းမှာ အမျိုးသား ဘောလုံးနဲ့ ပတ်သက်ပြီး ငွေကြေးမြောက်မြားစွာ အကုန်ကျခံ ပြုလုပ်နေကြတာတော့ တွေ့ရပါတယ်။ မအောင်မြင်သေးပါဘူး၊ လုပ်ပါ၊ ဒါပေမဲ့ အာဆီယံမှာ လက်ရှိ ထပ်သီးအဆင့်ရှိပြီး ပြိုင်ဘက်တွေက လေးစားတဲ့ မြန်မာ အမျိုးသမီး ဘောလုံး အာကစားနဲ့ လုပ်ဆောင်တာတွေကျတော့ အားနည်းတာကို တွေ့ရပါတယ်။ မြန်မာ အမျိုးသမီး ကစားသမားတွေဟာ ပြိုင်ပွဲတိုင်းမှာ စိတ်ဓာတ်အကောင်းဆုံးနဲ့ ယှဉ်ပြိုင်ခဲ့ကြတာပါ။ အဲလိုမျိုးပုံစံက အမျိုးသားအသင်းမှာတောင် အမြဲတမ်း မတွေ့ရပါဘူး” ဟု ပရိသတ် တစ်ဦးက ပြောသည်။ ယခင်က ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် သက်တမ်းအလိုက် အမျိုးသမီး ဘောလုံးပြိုင်ပွဲများကို ကျင်းပခဲ့သော်လည်း ၂၀၁၁ နှင့် ၂၀၁၂ ခုနှစ်တို့တွင် မတွေ့တော့ကြောင်း၊ အောက်ခြေမှ မျိုးဆက်သစ်များ ထွက်ပေါ်လာနိုင်သည့် ပြိုင်ပွဲများ မရှိပါက အောင်မြင်နိုင်မည် မဟုတ်ကြောင်း၊ အထူးသဖြင့် နိုင်ငံအတွက် အားထားရသည့် မြန်မာ အမျိုးသမီး ဘောလုံး အားကစားနည်းအတွက် ပိုမိုဂရုစိုက်သင့်ကြောင်း အားကစားလေ့လာသုံးသပ်သူ တစ်ဦးက ဆိုသည်။ “ပြည်နယ်တိုင်း ဘောလုံးအဖွဲ့ချုပ်တွေနဲ့ တာဝန်ရှိသူတွေကလည်း အမျိုးသမီးတွေ ဘောလုံး အားကစားနည်းကို စိတ်ဝင်စားဖို့ ဆောင်ရွက်ရန် လိုအပ်မှာဖြစ်ပြီး ဝန်ကြီးဌာန အသင်းတွေ၊ အားလုံး ဝိုင်းဝန်းဆောင်ရွက်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ အဖွဲ့ချုပ် ဥက္ကဋ္ဌ အနေနဲ့လည်း နောက်နှစ်မှာ အားကစားဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး သက်တမ်းအလိုက် အမျိုး သမီး ဘောလုံးပြိုင်ပွဲတွေလုပ်ဖို့ စီစဉ်နေပါပြီ။ နောက် အမျိုးသမီးလိဂ်ပြိုင်ပွဲ လုပ်ဖို့လည်း အစီအစဉ် ရှိပါတယ်” ဟု ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ လက်ရှိတွင် အားကစားဝန်ကြီးဌာန အနေဖြင့်လည်း နေပြည်တော်တွင် အမျိုးသမီး ဘောလုံး အားကစားသမားများကို စခန်း သွင်း လေ့ကျင့်လျက်ရှိကြောင်းလည်း သိရသည်။ ထိုင်းနှင့် ဗီယက်နမ်အသင်းများ အနေဖြင့် ပြင်ဆင်မှုအားကောင်းကြောင်း၊ သက်တမ်းအလိုက် ပြိုင်ပွဲများလည်း အဆက် မပြတ် ပြုလုပ်ပေးထားကြောင်း၊ မြန်မာနိုင်ငံတွင်လည်း အမျိုးသမီး ဘောလုံးပြိုင်ပွဲများ စနစ်တ ကျ ပေါ်ပေါက်လာစေရန် မျှော်လင့်ကြောင်း အားကစား လေ့လာသုံးသပ်သူ တစ်ဦးကလည်း ဆိုသည်။ “ဗီယက်နမ်နိုင်ငံရဲ့ ပြည်တွင်းလိဂ် အမျိုးသမီးပြိုင်ပွဲတစ်ခုကို သွားကြည့်ဖူးပါတယ်။ စနစ်ကျပြီး အဆင့်မြင့်တာကို တွေ့ရပါတယ်။ နောက် သူတို့ဆီမှာ သက်တမ်းအလိုက် ပြိုင်ပွဲတွေကို ပြုလုပ်ပေးပြီး အသင်းတွေကိုလည်း နှစ်လုံးပေါက် စခန်းသွင်း လေ့ကျင့်ပေးထားတာ တွေ့ရပါတယ်” ဟု ယခင် မြန်မာ အမျိုးသမီး လက်ရွေးစင်အသင်း တိုက်စစ်မှူးဟောင်း ဇင်မာဝမ်းက ပြောသည်။ လက်ရှိ အမျိုးသမီး လက်ရွေးစင်အသင်း၌ အခြားနေရာများတွင် အတွေ့အကြုံရှိ လူဟောင်းများနှင့် လူငယ်များ ထိန်းညှိကစားနိုင်သော်လည်း ရှေ့တန်းနေရာတွင်မူ လူငယ်များသာ ဖြစ်သည့်အတွက် အားနည်းမှု ရှိနိုင်ကြောင်း ပရိသတ် တစ်ဦးက သုံးသပ်သည်။ “လက်ရှိ ရှေ့တန်းမှာ ခင်မာလာထွန်း တစ်ယောက်တော့ အရင်လူဟောင်းပေါ့။ ကျန်တာ လူငယ်တွေများတယ်။ ကြည့်မိသလောက်တော့ ဂိုးဖန်တီးနိုင်မှုနဲ့ ဂိုးရရှိဖို့ အဆုံးသတ်ပိုင်းတွေမှာ အားနည်းနေတယ်။ အခွင့်အရေးတွေ အသုံးချတတ်ဖို့ လိုနေသေးတယ်။ ပြိုင်ပွဲကျရင် အကောင်းဆုံးပုံစံရဖို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောသည်။ ထိုင်း၊ ဗီယက်နမ် ကစားသမားများအနေဖြင့် တစ်ဦးချင်း၊ အသင်းလိုက် ကစားပုံ ပိုကောင်းသော်လည်း မြန်မာက စိတ်ဓာတ်ပိုင်း ပိုသာကြောင်း၊ ပြိုင်ပွဲမတိုင်ခင် ဂျပန်၌ လေ့ကျင့်ခြေစမ်းခွင့် ရရှိခြင်းကလည်း အသင်းကို အကျိုးရှိစေမည်ဖြစ်ကြောင်း ဇင်မာဝမ်းက ဆိုသည်။ နည်းပြချုပ် ကူမာဒါကလည်း ဂျပန် အမျိုးသမီးအသင်း အနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲသည်အထိ အောင်မြင်မှု ရရှိခြင်းမှာ ရေရှည် စီမံချက်ကောင်းကောင်းကို စနစ်တကျ ပြင်ဆင်ဆောင်ရွက်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ၎င်းတို့နိုင်ငံ အသင်း၏ ဆောင်ရွက်ခဲ့ပုံကို ပြောသည်။ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲတွင် လက်ရှိအချိန်၌ မြန်မာအမျိုးသမီးအသင်းသည် နှစ်ကြိမ် ဗိုလ်စွဲထားသော်လည်း ဆီးဂိမ်းပြိုင်ပွဲတွင်မူ ရွှေတံဆိပ် ရယူခြင်း မရှိခဲ့သေးပေ။ ထို့ကြောင့် လာမည့် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲအတွက် ပိုမိုအားတက်လာစေရန်နှင့် ယခုပြိုင်ပွဲ၏ တတိယအကြိမ်မြောက် ချန်ပီယံအသင်းအဖြစ် မှတ်တမ်း ရေးထိုးနိုင်ရန်အတွက် မြန်မာ အမျိုး သမီး ဘောလုံးအသင်း ကြိုးစားရမည် ဖြစ်သည်။
0 comments:
Post a Comment