December 5, 2012

အင်္ဂလိပ်စာနှင့် မြန်မာ့ပညာရေး အနာဂတ် ဘယ်လိုစခန်းသွားမလဲ

Photo


ယနေ့ မြန်မာ့ပညာရေး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရန် ပြင်ဆင်နေချိန်၌ တစ်ထောင့်တစ်နေရာ စဉ်းစားနိုင်ရန်အတွက် ရည်ရွယ်ပါသည်။ အခြေခံပညာ အထက်တန်း အဆင့်တွင် သင်္ချာ၊ ဓာတု၊ ရှုပနှင့် ဇီဝဗေဒ ဘာသာရပ်များကို အင်္ဂလိပ်စာ ဘာသာကို အသုံးပြု၍ သင်းကြားလျက် ရှိနေပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံသားများ၏ အင်္ဂလိပ်စာ တတ်မြောက်မှု အနေအထားကို တစ်ပြိုင်နက် ထည့်သွင်းစဉ်းစားရန်မှာ အင်မတန် အရေးကြီးလှပါသည်။ ယနေ့ခေတ် ကျောင်းသား၊ ကျောင်းသူ အများစုသာမက ဆရာ၊ ဆရာမ အချို့ပင်လျှင် အင်္ဂလိပ်စာနှင့် ပတ်သက်၍ အားနည်းနေသည်ကို ငြင်းမရအောင် တွေ့မြင်နိုင်ပါသည်။ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများသာမက အချို့သော ဘွဲ့ရများပင်လျှင် အရေးတွင်လည်း လက်မရှိသူကဲ့သို့၊ အဖတ်တွင်လည်း မျက်မမြင်တစ်ဦးပမာ၊ အပြောတွင်လည်း ခံတွင်းမဲ့သို့၊ နားထောင်မှုတွင်လည်း နားပင်းသူတစ်ဦးပမာ ဖြစ်နေပေသည်။ ဤသို့ ဖြစ်နေရခြင်းမှာလည်း သင်ယူသူ၏ ချို့ယွင်းမှုလော၊ သင်ကြားသူ၏ ချို့ယွင်းမှုလော၊ သင်ယူသူနှင့် သင်ကြားသူကြားမှ သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာ၊ သင်နည်းပို့ချချက် ချို့ယွင်းမှုလော၊ တစ်ခုခု မှားနေသည်မှာတော့ အသေအချာပင် ဖြစ်ပေသည်။

ယနေ့ ကျောင်းသား၊ ကျောင်းသူ အများစုအတွက် သက်ဆိုင်ရာ ပညာရပ် သဘောတရားကို နားမလည်နိုင်ခြင်းထက် အင်္ဂလိပ်စာကို မဖတ်နိုင်ခြင်းကြောင့် လေ့လာမှု မထိရောက်ခြင်းနှင့် စာမေးပွဲ ဖြေဆိုရာတွင် မိမိ နားလည်ထားသည်ကို အင်္ဂလိပ်ဘာသာဖြင့် ပြန်လည်ဖြေဆိုတင်ပြနိုင်မှု ခက်ခဲနေရခြင်းတို့ကြောင့် ပညာရပ်  သဘောတရားများကို နားလည်သဘောပေါက်သည့်တိုင် စာမေး ပွဲ ဖြေဆိုရာတွင် အခက်အခဲနှင့် ရင်ဆိုင်နေရာရသည်။ ဘာသာရပ်အား နားလည်တတ်ကျွမ်းမှုကို စစ်ဆေးရာတွင် (Parrot Learning) ဟု ခေါ်ဆိုနေကြသော ကြက်တူရွေး နှုတ်တိုက်အာဂုံဆောင် သင်ကြား၊ သင်ယူမှုများသည်သာ စာမေးပွဲ အောက်ရာအောင်ကြောင်း နည်းလမ်းကောင်း ဖြစ်နေရခြင်းမှာ အနာဂတ် မြန်မာ့ပညာရေး၏ အဓိက ကုစားရမည့် အရေးကြီး ပြဿနာတစ်ရပ် ဖြစ်ပါသည်။

ထို့ကြောင့် လက်ရှိ အင်္ဂလိပ်စာ သင်ကြားမှု၊ သင်ယူမှု ပုံစံများ၏ အားနည်းချက်များကို စနစ်တကျ လေ့လာ၍ ပြန်လည် ပြင်ဆင်ပြဋ္ဌာန်းမှုများ မလွဲမသွေ ဆောင်ရွက်သင့်ပါသည်။ ပိုမိုကောင်းမွန်သော သင်ကြား၊ သင်ယူမှုများဖြင့် ကျွန်ုပ်တို့၏ အင်္ဂလိပ်စာ တတ်မြောက်မှု (ရေး၊ ဖတ်၊ ပြော၊ နားထောင်) စွမ်းရည်ကို အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်ရမည် ဖြစ်ပါသည်။ ထို့အတူ ရှုပ၊ ဓာတု၊ ဇီဝ အစရှိသော ဘာသာရပ်များကိုလည်း သင်ကြားသူနှင့် သင်ယူသူတို့၏ မိခင်ဘာသာစကားအား သင်ကြားရေး ဘာသာစကား (Teaching Media) အဖြစ် အသုံးပြု သင်ကြားသင့်သည်ဆိုသည်ကို အဓိက လေ့လာသုံးသပ်၊ အဖြေရှာကြရမည့် အရေးကြီး ကိစ္စတစ်ရပ်ပင် ဖြစ်ပါသည်။

ကျောင်းသင်ခန်းစာများကို သင်ကြားရာတွင် အင်္ဂလိပ်ဘာသာဖြင့် သင်ကြားသင်ဟု ဆိုရာတွင်လည်း ပို့ချသူက အင်္ဂလိပ်လိုချည်း ပြောဆိုရှင်းလင်း၍ ကျောင်းသားကျောင်းသူများကလည်း အင်္ဂလိပ်လို တိုက်ရိုက်မှတ်သားသင်ယူခြင်း မဟုတ်မူဘဲ အင်္ဂလိပ်လို ရေးထားသော သင်ရိုးကို ဆရာက မြန်မာ ဘာသာသို့ ပြန်ဆိုရှင်းပြနေရခြင်းသာ ဖြစ်ပေသည်။ ဤသို့ ဘာသာပြန်ဆိုရာတွင် ဆရာတစ်ဦးချင်းစီ၏ အရည်အသွေးနှင့် လေ့လာလိုက်စားမှုပေါ်တွင် သင်ကြားလိုသော ဘာသာရပ်၏ ကံကြမ္မာပေါ် မူတည်၍ နေလေသည်။ မိခင်ဘာသာစကားကိုသာ သင်ကြားရေး ဘာသာစကားအဖြစ် အသုံးပြုပါက ယခုကဲ့သို့ ဘာသာပြန်ရန် အချိန်ပေးနေစရာပင် မလိုပါပေ။ ထို့အပြင် ဆရာ၊ ဆရာမက ကောင်း မွန်ပြည့်စုံစွာ ဘာသာပြန်ဆို သင်ကြားနိုင်ပါက အကြောင်းမဟုတ်နိုင်သော်လည်း သက်ဆိုင်ရာ ပညာရပ်ဆိုင်ရာ ဝေါဟာရ (Terminology) များကို မှားယွင်းစွာ ဘာသာပြန်ဆို သင်ကြားပါက ဘာသာရပ်၏ သဘောတရား အနှစ်သာရကို ပျက်စီးစေနိုင်သောကြောင့် အလွန်ပင် အန္တရာယ် များလှပါသည်။

ဤသို့ဆိုရာတွင် ပညာရပ် အများစုကို စတင်ထုတ်ဝေ ဖြန့်ချိမှု အများစုမှာ အင်္ဂလိပ် စာပေဖြင့်သာ ဖြစ်ကြသည်ကို အားလုံး အသိပင် ဖြစ်ပါသည်။ သို့သော် ကျွန်ုပ်တို့ မြန်မာနိုင်ငံအဖို့ ထိုသို့သော ပညာရပ်များကို အင်္ဂလိပ်ဘာသာဖြင့် တိုက်ရိုက်ဖတ်ရှု လေ့လာရန် အတွက် လေ့လာ သူ ကျောင်းသားထု အများစုမှာ လက်ရှိ အင်္ဂလိပ်စာ တတ်ကျွမ်းမှု အနေအထားအရ အခက်အခဲနှင့်သာ ကြုံတွေ့နေရဦးမည်မှာ အမှန်ပင် ဖြစ်ပေသည်။ ထို့ကြောင့် ကမ္ဘာ့ပညာရပ်များကို ကျွမ်းကျင် ပညာရှင်များက တာဝန်ယူ၍ မြန်မာမှုပြုရန်၊ မြန်မာဘာသာသို့ ပြန်ဆိုရန်သာ ဖြစ်ပါတော့သည်။ တစ်ချိန်တည်းတွင်လည်း အင်္ဂလိပ်စာ တိုးတက်ရေးအတွက် လိုအပ်သည်များကို ပြင်ဆင်၍ သင်ကြားပို့ချမှု နည်းလမ်းကောင်းများကို ကြံဆ အသုံးပြုရန်မှာ အလွန်ပင် အရေးကြီးလှပါသည်။


မြန်မာဘာသာ ဦးစားပေး အင်္ဂလိပ်ရောပြွန်းနည်းဖြင့် သင်ကြားခြင်း (သို့မဟုတ်) မြန်မာ၊ အင်္ဂလိပ် နှစ် ဘာသာ ပူးတွဲ၍ သင်ကြားပြီး မိမိ နှစ်သက်သက်ကျွမ်းကျင်ရာ ဘာသာစကားဖြင့် ဖြေဆိုစေခြင်းသည် သင်ကြား၊ သင်ယူမှုကို ပိုမိုထိရောက်မည်ဟု ယုံကြည်ရပါသည်။ မြန်မာဘာသာ (သို့မဟုတ်) နှစ်ဘာ သာရော (သို့မဟုတ်) နှစ်ဘာသာ ရောပြွမ်းအသုံးပြု သင်ကြားခြင်းဖြင့် အောက်ပါ အကျိုးကျေးဇူးများ ရရှိနိုင်လိမ့်မည်ဟု ယူဆလျက် တင်ပြလိုက်ပါသည်။

၁။ ယခင် မြန်မာဘာသာဖြင့် သင်ကြားစဉ်က ပြဋ္ဌာန်းစာအုပ်များကို ပြန်လည်သုံး သပ်လေ့လာရာ တွင် ပြဋ္ဌာန်းစာအုပ်များထက် သင်ရိုးများ ပိုမိုပြည့်စုံထိရောက်စွာ ဖော်ပြနိုင်ကြောင်း တွေ့ရှိရခြင်း။ (ဥပမာ- အခြေပြု ရူပဗေဒ၊ အခြေပြု ဓာတုဗေဒ)

၂။ ယခု အင်္ဂလိပ်စာဖြင့် သင်ကြားနေသော သင်ရိုးများသည် ဘာသာစကား အကန့်အသတ်ကြောင့် အချို့သော ရှင်းလင်းချက်များ၊ ဥပမာများ၊ ပုံစံတွက်များအား ချန်လှပ်လျှော့ချထားသည့်အတွက် ပြည့်စုံမှု အားနည်းခြင်း။

၃။ မြန်မာဘာသာဖြင့် ပြဋ္ဌာန်းသင်ကြားပါက ဘာသာစကား အခက်အခဲ မရှိတော့သဖြင့် သင်ကြားပို့ချသူများက သင်ကြားလိုသော သဘောတရားများကို ပိုမိုထိရောက်စွာ ချဲ့ထွင်ရှင်းလင်းနိုင်သဖြင့် စာသင်သားများ ဘာသာရပ်ကို ပိုမိုနားလည်သဘောပေါက်ကာ စာသင်ကြားမှု ပိုမိုအောင်မြင်ခြင်း။

၎။ အင်္ဂလိပ် ဘာသာဖြင့် ပြဋ္ဌာန်းသင်ကြားနေရာတွင် လက်ရှိ သင်ကြားသူ (နိုင်ငံတစ်ဝန်းလုံးမှ) ဆရာ၊ ဆရာမ အချို့မှာ အင်္ဂလိပ်စာ အားနည်းခဲ့ပါက သင်ကြားရေးတွင် အခက်အခဲဖြစ်ရုံသာမက ဘာသာပြန်မှားခြင်းကြောင့် ဆိုလိုရင်းကို ပေါ်လွင်အောင် သင်ကြားနိုင်မှု မပြုနိုင်ခြင်းနှင့် သင်ကြား လိုက်သော သဘောတရား (Concept) များ လွဲမှားနိုင်သဖြင့် အလွန် အန္တရာယ်ကြီးခြင်း။ (ဤနေရာတွင် ကျွန်တော်၏ အဆိုကို သဘောမတူပါက အင်္ဂလိပ်ဘာသာစကားဖြင့် စာစီစာကုံး (Essay) ကောင်းကောင်း တစ်ပုဒ် လက်တန်းရေးနိုင်ကြောင်း၊ နေ့စဉ်ထုတ် အင်္ဂလိပ်ဘာသာ သတင်းစာတစ်စောင်ကို အဓိပ္ပာယ်ပြည့်စုံမှန်ကန်စွာ ဘာသာပြန်ဆို ရေးသားနိုင်ကြောင်း သက်သေပြ၍ ကျွန်တော့် တင်ပြမှုအား ကန့်ကွက်ကြပါရန်)
 
၅။ မြန်မာဘာသာဖြင့် ပြဋ္ဌာန်း သင်ကြားပါက လေ့လာသူ စာသင်များ အနေဖြင့် မိခင်ဘာ သာစကား ဖြစ်သောကြောင့် စာသင်သားများ ကိုယ်တိုင်၏ စိတ်ဝင်စားမှု ပိုမို ရရှိနိုင်ခြင်း၊ သက်သောင့်သက်သာဖြင့် လေ့လာဖတ်မှတ်၍ လွယ်ကူစွာ သင်ယူတတ်မြောက်နိုင်သောကြောင့် သင်ယူလေ့လာမှု ပိုမို ထိရောက်ခြင်း၊ ကိုယ်တိုင် လေ့လာနိုင်မှု (Self-study) ဆောင်ရွက်နိုင် သဖြင့် ကျောင်းချိန်ပြင်ပ၌ ကျူရန် မလိုအပ်တော့ခြင်း။ (ကျူရှင် ပြဿနာကို တစ်စိတ်တစ်ပိုင်း ဖြေ ရှင်းပြီးဖြစ်)

၆။ မိခင်ဘာသာစကားသာ ဖြစ်ပါက သက်ဆိုင်ရာ ဘာသာရပ်ကို လေ့လာရာ၌ ပိုမိုရှင်းလင်းလွယ် ကူသောကြောင့် သင်ယူတတ်မြောက်မှုကို စစ်ဆေးရာတွင် စာသင်သားများက အလွတ်ကျက်မှတ်ရန် မလိုအပ်တော့သဖြင့် မိမိတို့ တတ်သိနားလည်ထားသည်များကို လွယ်ကူစွာ ပြန်လည်ဖြေဆို တင်ပြနိုင်ခြင်း။ (Parrot Learning ဟု ခေါ်ဆိုနေကြသော ကြက်တူရွေးနှုတ်တိုက်အာဂုံဆောင် သင်ကြား၊ သင်ယူမှုကို ဖယ်ရှားနိုင်)

၇။ အချို့သော ပုဂ္ဂိုလ်များက အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းသင်ကြားမှု မပြုပါက ကမ္ဘာနှင့် ရင်ပေါင်တန်း မလိုက်နိုင်ဟုဆိုကာ အင်္ဂလိပ်ဘာသာဖြင့်သာ သင်ကြားရန် ဆန္ဒရှိကြပါသော်လည်း အကျိုးထက် အပြစ်ကသာ များခဲ့သည်ကို လက်ရှိ ပညာရေးက သက်သေပြလျက်ရှိခြင်း။ (သင်ကြားသူ၊ သင်ယူ သူ နှစ်ဖက်လုံး၏ အင်္ဂလိပ်စာ အားနည်းခြင်းကြောင့် သင်ကြားလိုသော ဘာသာရပ်လည်း မတတ်၊ အင်္ဂလိပ်စာလည်း မတိုးတက်)

၈။ နိုင်ငံ အများစုတွင်လည်း မိခင်ဘာသာစကားဖြင့်သာ သင်ကြားနေသည်ကို တွေ့ရှိရပြီးး အင်္ဂလိပ်ဘာ သာဖြင့် မသင်ကြားသော်လည်း ပညာရေး အဆင့်အတန်း နိမ့်ကျမှု လုံးဝမရှိသည်ကို နှိုင်းယှဉ် သုံးသပ်ကြည့်နိုင်ခြင်း။ ဥပမာ (ဂျပန်၊ တရုတ်၊ ရုရှား၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ စပိန်)

ဤနေရာ၌ မြန်မာဘာသာ သက်သက်ဖြင့် သင်ကြားခြင်းနှင့် အင်္ဂလိပ်ဘာသာ သက်သက်ဖြင့် သင်ကြားခြင်းတွင် အားနည်းချက် အားသာချက် ရှိနေသည်ကိုလည်း လေ့လာတွေ့ရှိရပါသည်။ အရာရာကို မြန်မာမှုပြုခြင်း၏ အပြစ်ကိုလည်း ရင်ဆိုင်ကြရပါဦးမည်။ ဥပမာ ရူပဗေဒ ဘာသာရပ်၌ Quantity ကို 'မတ္တာ' Atom ကို အဏုမြူ၊ Atom ကို ထပ်မံခွဲစိတ်သောအခါ ရရှိသော အမှုန်ကို 'ပရမာဏုမြူ'၊ Integrate ဆိုသည့် သချာင်္ဝေါဟာရကို 'သမူဟ' စသဖြင့် မြန်မာလိုပြန်ခြင်း၊ မြန်မာမှုပြုခြင်းကြောင့် မူလ အဓိပ္ပာယ်လည်း နားမလည်ဖြစ်ရပေမည်။ ထို့ကြောင့် အချို့သော စကားရပ်များကိုမူ ဘာသာပြန်ဆိုခြင်း မပြုဘဲ တိုက်ရိုက်ယူ မွေးစားရပေလိမ့်မည်။ (ဥပမာ ကား (Car)၊ မော်တော်ဆိုင်ကယ် (Motorcycle)၊ ရေဒီယို (Radio)၊ ကွန်ပျူတာ (Computer) ဆိုလိုသည်မှာ ကားကို မြန်မာမှုပြုခြင်းထက် ကားဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်း သင်ယူသူ နားလည်နိုင်ရန် ကားပေါ်သို့သာ ခေါ်ဆောင်၍ ကား၏ သွင်ပြင်လက္ခဏာနှင့် လုပ်ဆောင်ချက်များကို ရှင်းလင်းရပေမည်။ ထို့အတူ ရှုပဗေဒ ဘာသာရပ်၌ Transistor ကို ဘာသာပြန်နေမည့်အစား ၎င်း၏ တည်ဆောက်ပုံနှင့် လုပ်ဆောင်ချက်ကိုသာ ပေါ် လွင်အောင် ရှင်းလင်းသင်ပြရပေမည်။ အခြားအခြားသော ဘာသာရပ် အသီးသီးရှိ မွေးစားစကား လုံးများကိုလည်း အဓိပ္ပာယ် နားလည်ပေါ်လွင်စေရန် မည်သို့ ချဉ်းကပ်မည်ဆိုသည်ကသာ အရေးတကြီး စဉ်းစားရမည့် အချက်ပင် ဖြစ်ပါသည်။

ထို့ကြောင့် အထက်ပါ အချက်များကို ထောက်ချင့်၍ သက်ဆိုင်ရာ ဘာသာရပ် အသီးသီးကို သင်ကြားမှုနှင့် စစ်ဆေးမေးမြန်းမှုတွင် မြန်မာဘာသာ သက်သက်နှင့် သင်ကြား၊ စစ်ဆေးမည် (သို့မဟုတ်) နှစ်ဘာ သာ ရောပြွမ်း (မြန်မာဟာ ဦးစားပေး၊ မွေးစားစကားလုံးများ ရောလျက် နှစ်ဘာသာ ပေါင်းစပ်) သင်ကြား စစ်ဆေးမည် (သို့မဟုတ်) မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာယှဉ်လျက် (Bilingual) ဖြင့် သင်ကြား၊ စစ်ဆေးမည် (သို့မဟုတ်) လက်ရှိအတိုင်းပင် အင်္ဂလိပ်ဘာသာ သက်သက်ဖြင့် သင်ကြား၊ စစ်ဆေး မည်ဆိုသည်ကို နိုင်ငံနှင့်အဝန်း သင်ကြားပို့ချသူ ဆရာ၊ ဆရာမများနှင့် သင်ယူသူ ကျောင်း သား၊ ကောင်းသူများ၏ သဘောထား ဆန္ဒများကို သုတေသန စစ်တမ်းများ ကောက်ယူ ကာ လေ့လာဆန်းစစ်မှုများအပေါ် အခြေခံ၍ လက်တွေ့ရလဒ်များဖြင့် အဖြေရှာကြရမည် ဖြစ်သည်ဟု တင်ပြလိုက်ရပါသည်။

ဇော်မျိုးလှိုင် (ရှုပဗေဒဌာန၊ ဒဂုံတက္ကသိုလ်)

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မကြာမီ ဖွင့်လှစ်မည့် စစ်ကိုင်း တက္ကသိုလ်ကို သွားရောက် ကြည့်ရှုစစ်ဆေး


http://www.yatanarpon.com.mm/sites/default/files/u7525/2-6.jpg

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်  တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော် အရာရှိကြီးများနှင့် အဖွဲ့ဝင်များ လိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် ရဟတ်ယာဉ်များဖြင့် စစ်ကိုင်းမြို့သို့ ရောက်ရှိကြသည်။ ထို့နောက် စစ်ကိုင်းမြို့တွင် လာမည့် ပညာသင်နှစ်မှ စတင်၍ ဖွင့်လှစ်မည့် စစ်ကိုင်း တက္ကသိုလ်သို့ ရောက်ရှိရာ တာဝန်ခံ ပါမောက္ခချုပ် ဒေါက်တာ သူရဦးနှင့် ဆရာ၊ ဆရာမများ၊ မြို့မိမြို့ဖများက ကြိုဆိုကြသည်။ ယင်းနောက် နှစ်ထပ် စာသင်ဆောင် ခန်းမ၌ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ ဒုတိယ အင်ဂျင်နီယာမှူးကြီး ဦးခင်မောင်ဆွေက တက္ကသိုလ် စာသင်ဆောင်နှင့် ဝန်ထမ်းနေအိမ်များ ဆောက်လုပ်ပြီးစီးမှုနှင့် ဆက်လက် ဆောက်လုပ်မည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး တာဝန်ခံ ပါမောက္ခချုပ်က တက္ကသိုလ် စတင်ဖွင့်လှစ်ရန် ဆောင်ရွက်နေမှု၊ သင်ကြားပေးမည့် အထူးပြု ဘာသာရပ်များနှင့် ဆရာ၊ ဆရာမများ အင်အားတို့ကို ရှင်းလင်းတင်ပြသည်။ တင်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက လမ်းညွှန်မှာကြားရာတွင် ယခင်ကဆိုလျှင် စစ်ကိုင်းမြို့မှ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် တက္ကသိုလ်ပညာ ဆက်လက် ဆည်းပူးလိုပါက ရွှေဘိုနှင့် မုံရွာမြို့များသို့ သွားရောက် သင်ယူကြရကြောင်း၊ ထို့ကြောင့် ငွေကြေးကုန်ကျမှု ပိုမိုများပြားခဲ့ကြောင်း၊ ဤတက္ကသိုလ်ကြီး ဖွင့်လှစ်ပါက စစ်ကိုင်းမြို့မှာပင် အချိန်ကုန်၊ ငွေကုန် သက်သာစွာဖြင့် ပညာသင်ယူနိုင်တော့မည် ဖြစ်ကြောင်း။ ဤစစ်ကိုင်းတက္ကသိုလ်ကြီးကို နိုင်ငံတော်က အထူးအစီအစဉ်ဖြင့် တည်ဆောက် ဖွင့်လှစ်ပေးခြင်းဖြစ်ရာ စစ်ကိုင်းတိုင်း အတွင်းရှိ တက္ကသိုလ်များအနက် အကောင်းဆုံး တက္ကသိုလ်ကြီး - Excellience University အဖြစ် ပေါ်ထွန်းလာစေ လိုကြောင်း၊ ကျောင်း သားကျောင်းသူများကို စည်းကမ်းကောင်း၊ ကိုယ်ကျင့်တရားကောင်းပြီး ပြည်ထောင်စုကြီး တစ်ခုလုံးကို လွှမ်းခြုံ ချစ်မြတ်နိုးသည့် မျိုးချစ်စိတ်ဓာတ် ရှင်သန်သော လူတော်လူကောင်းများ အဖြစ် မွေး ထုတ်ပေးရန် ဖြစ်ကြောင်း၊ ထို့အတူ ကျောင်းသား ကျောင်းသူများအား ဘွဲ့တစ်ခု ရရှိရန်အတွက်သာ မဟုတ်ဘဲ အမှန်တကယ် ပညာတတ်မြောက်သူများ ဖြစ်အောင် လေ့ကျင့် ပြုစုပျိုးထောင်ပေးရန်လိုကြောင်း၊ ထိုသို့လေ့ကျင့် ပျိုးထောင်ပေးနိုင်ရန်အတွက် ဆရာ၊ ဆရာမများ ကိုယ်တိုင်ကလည်း အတော်ဆုံး၊ အကောင်းဆုံး ဖြစ်အောင် စဉ်ဆက်မပြတ် လေ့လာ ဆည်းပူးနေရမည် ဖြစ်ကြောင်း။ မိမိတို့ နိုင်ငံ အနေဖြင့် အာဆီယံနိုင်ငံများ၊ အာဆီယံနှင့် ဆွေးနွေးဖက် နိုင်ငံများ၊ အရှေ့အာရှ နိုင်ငံများ အပါအဝင် ကမ္ဘာ့နိုင်ငံများနှင့် ထိတွေ့ဆက်ဆံမှု ပိုမိုများပြားလာသည် ဖြစ်ရာ ကျောင်းသား ကျောင်းသူများကို အင်္ဂလိပ်ဘာသာ ကျွမ်းကျင်သူများ ဖြစ်လာစေရန်နှင့် ကျောင်းပြီးသည်နှင့် တစ်ပြိုင်တည်း လုပ်ငန်းခွင် အသီးသီးသို့ ဝင်ရောက် လုပ်ကိုင်နိုင်သည်အထိ ရည်ရွယ် သင်ကြားပေးကြရန် ဖြစ်ကြောင်းနှင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရန် အတွက် ပညာရေး ဖွံဖြိုးမှုက အခြေခံကျသည်ဟု မှတ်ယူကြရန် ဖြစ်ကြောင်း၊ Good Governance ဖြစ်လာရန်အတွက်လည်း စာသင်ကျောင်းများက စတင် လေ့ကျင့်သင်ကြားပေးရမည် မြို့မိမြို့ဖများကလည်း ဝိုင်းဝန်း ကူညီဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားသည်။ ထို့နောက် နိုင် ငံတော်သမ္မတသည် ကျောင်းဆောင်အတွင်းရှိ စာသင်ခန်းများကို လှည့်လည် ကြည့်ရှုပြီး တက္ကသိုလ်ဝင်းအတွင်း စိမ်းလန်းစိုပြည်ရေးအတွက် လုပ်ဆောင်ရန်များ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ သွားလာဆက်သွယ်မှု လွယ်ကူ အဆင်ပြေစေရေး ဆောင် ရွက်ပေးရန်များကိုလည်း အသေးစိတ် မှာကြားခဲ့သည်။ စစ်ကိုင်းတက္ကသိုလ်ကို ယခုနှစ် ဒီဇင်ဘာ (၅) ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ (၇၃၅) ဦး တက်ရောက်ခွင့် ရရှိထားကြောင်း သိရှိရသည်။ ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတသည် စစ်ကိုင်းမြို့ ရာဇာမဏိစူဋ္ဌာ ကောင်းမှုတော် စေ တီတော်သို့ ရောက်ရှိပြီး စေတီတော်ရှိ ဗုဒ္ဓရုပ်ပွားတော်များအား လှည့်လည် ဖူးမြော်ကြည်ညို ကာ ဈေးဆိုင်ခန်း ဖွင့်လှစ်ရောင်းချနေသူများ၊ ဘုရားဖူး ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။ ထို့နောက် စေတီတော်အထွတ်ရှိ စိန်ဖူးတော်ကို ဖူးမြော်ကြည်ညိုရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးက နိုဝင်ဘာ (၁၁) ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် စိန်ဖူးတော်ကို ဆိုင်းထားသည့် ကြိုးတစ်ချောင်း ကျိုးပြတ်သွားသဖြင့် စိန်ဖူးတော် ယိမ်းယိုင်သွားမှုနှင့် နိုဝင်ဘာ (၁၂) ရက်တွင် စိန်ဖူးတော်ကို ဆိုင်းထားသည့် ကြိုးအားလုံးအား သံမဏိကြိုးများဖြင့် အစားထိုး လဲလှယ်ပြီး စိန်ဖူးတော်အား ပြန်လည်တည့်မတ် ပြီးစီးခဲ့မှု အခြေအနေကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် နိုင်ငံတော်သမ္မတသည် စေတီတော်အတွက် အလှူငွေများ ပေးအပ် လှူဒါန်းပြီး စေတီတော် ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးသည်။ ဆက်လက်၍ စေတီတော် အာရုံခံ တန်ဆောင်းတွင် ပြသထားသည့် စစ်ကိုင်းမြို့နယ် အတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စေတီ၊ ပုထိုးနှင့် သာသနိက အဆောက်အုံများ၏ မှတ်တမ်း ဓာတ်ပုံများကို ကြည့်ရှုသည်။ ထို့နောက် နိုင်ငံတော်သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရဟတ်ယာဉ်များဖြင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြပြီး ထိုမှတစ်ဆင့် အထူးလေယာဉ်ဖြင့် ဆက်လက် ထွက်ခွာခဲ့ရာ ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည် ရောက်ရှိသည်။

အင်တာနက် သိုလှောင်ရုံ



မီဒီယာဖိုင်များ ကွန်ပျူတာပေါ်သို့ ရောက်သည့်နေ့မှစ၍ ကျွန်မတို့၏ ကွန်ပျူတာများတွင် Storage Space သည် လောက်သည်ဟူ၍ မရှိနိုင်။  ၂၀၀၁ ခုနှစ် ပတ်ဝန်းကျင်ကဆိုလျှင် 40GB ရှိသော Hard Drive သည်ကြီးလှပြီ။ ယခုဆိုလျှင် ရုပ်ရှင်များ၊ သီချင်းများ၊ ဓာတ်ပုံများနှင့် စာအုပ်များ ပြည့်နှက်နေသော ကျွန်မ၏ ကွန်ပျူတာတွင် နေရာမလောက်မည် စိုးသောကြောင့် လည်းကောင်း၊ အမြတ်တနိုး သိမ်းဆည်းထားသော အရာများ ပျောက်ပျက်မည်ကို စိုးရိမ်သောကြောင့်လည်းကောင်း 500GB အပို Hard Drive တစ်လုံးဖြင့် သိမ်းဆည်းနေရပါပြီ။ အပို Hard Drive ဖြင့် သိမ်းဆည်းပါသည် ဆိုသော်လည်း Hard Drive ၏ကြံ့ခိုင်မှုကို စိတ်မချသဖြင့် 16GB Memory Stick ပေါင်းများစွာကိုလည်း ဝယ်ယူ သုံးစွဲရပါသေးသည်။ အင်တာနက် အမြန်နှုန်း မကောင်းသဖြင့် ဤပစ္စည်းများကို ဝယ်ယူသုံးစွဲ နေရခြင်းဖြစ်သည်။ အမြန်နှုန်းသာ ကောင်း မည်ဆိုလျှင် မိမိ၏ အရေးကြီးဖိုင်များကို အင်တာနက်ပေါ်တွင် အတိုင်းအတာ တစ်ခုထိ အခမဲ့ စနစ်ဖြင့် လည်းကောင်း၊ ပမာဏအတော်များများကို သင့်တင့်သော ဈေးနှုန်းဖြင့်လည်းကောင်း သိုလှောင်နိုင် သည့် နေရာများ ရှိပါသည်။ ကျွန်မတို့အတွက် အင်တာနက် သိုလှောင်ရုံများဟု ဆိုရပါလိမ့် မည်။ မြန်မာငွေကြေးစနစ်နှင့် နိုင်ငံတကာ ငွေကြေးစနစ်ကလည်း နောင်တွင် ချိတ်ဆက်မိမည်ဖြစ်ရာ အဆိုပါ သိုလှောင်ရုံများကို လက်တွေ့ကျကျ အသုံးပြုနိုင်သော အခြေအနေသို့ ရောက်လာပါလိမ့်မည်။ အင်တာနက် ချိတ်ဆက်မှုသာ ရှိလျှင် လက်တွေ့အသုံးပြုနိုင်မည့် အင်တာနက် သိုလှောင်ရုံများ ကို အောက်ပါအတိုင်း တွေ့ရပါမည်။

Sky Drive

Sky Drive သည် Microsoft က တည်ထောင်ထားသည့် အခမဲ့ သိုလှောင်မှုစနစ် ဖြစ်သည်။ Windows (သို့မဟုတ်) Office 365 (သို့မဟုတ်) Office 2013 ကို တရားဝင် သုံးစွဲသူများအတွက် ပိုမိုအဆင်ပြေစေနိုင်သော စနစ်ဟု ဆိုနိုင်ပါသည်။ Sky Drive သည် ကနဦးအခမဲ့ အသုံးပြုခွင့် 7GB ပေးထားရာ အခမဲ့ သိုလှောင်ခွင့်ပေးသော ဝန်ဆောင်မှုများထဲတွင် အကောင်းဆုံး အတန်းအစားဝင်ဖြစ်သည်။ ပုံစံဟောင်း Sky Drive ကို အသုံးပြုဖူးပြီး ယခုပုံစံသစ် Sky Drive ဆီသို့ ပြောင်းရွှေ့အသုံးပြုမည်ဟု ဆိုပါက အခမဲ့ သိုလှောင်ခွင့် 25GB ထိ ရနိုင်ပါသည်။ သိုလှောင်ထားသော ဖိုင်များကို တည်းဖြတ်ရန် အတွက်သာ Live Account လိုပြီး ကြည့်ရုံသက်သက်အတွက် Live Account မလိုပါ။ Office Suite တရားဝင် ဝယ်ယူသုံးစွဲသူများသည် အပို 20GB အခမဲ့ သိုလှောင်ခွင့် ရရှိပါသည်။ Sky Drive သည် မိမိ၏ကွန်ပျူတာတွင် သိုလှောင်ထားသော ဖိုင်များနှင့် အင်တာနက်တွင် သိုလှောင်မည့်ဖိုင်များအား အမြဲတစေ တူညီအောင် တန်းညှိပေးခြင်း (Sync) လုပ်နိုင်သည်။ Microsoft Office တွင် ပါဝင်သည့် Word, Excel, Power Point, One Note စသည်တို့ဖြင့် ဖန်တီးထားသော ဖိုင်များအား တန်းညှိရာတွင် အကောင်းဆုံးဖြစ်ကြောင်း တွေ့ရပါသည်။ Sky Drive သို့ ဝင်ရောက်ထားသူသည် Browser မှနေ၍ မိမိ၏ Document များကို အခမဲ့ Edit လုပ်နိုင်သည်။ Sky Drive သည် Public Link များ၊ View-only Private Link များ၊ View/Edit Private Link များအားလည်း အခြားသူများနှင့် Share ပြုလုပ်နိုင်ခွင့် ပေးပါသည်။ သို့သော် Mac Application သုံးစွဲသူများနှင့် Sharing မလုပ်နိုင်သေးခြင်း၊ မိမိ၏ဖိုင်များကို မိုဘိုင်းဖုန်းပေါ်၌ ကြည့်ရှုရန် Download မလုပ်နိုင်သေးခြင်း စသော အားနည်းချက်များ ရှိသည်။ အခပေး သုံးစွဲရန် လိုအပ်ပါက 20GB ပမာဏ သိုလှောင်ရန် တစ်နှစ်လျှင် ၁၀ ဒေါ်လာ၊ 50GB အတွက် ၂၅ ဒေါ်လာနှင့် 100GB အတွက် ၅၀ ဒေါ်လာဟူသော နှုန်းထားသည် Online Storage Service များတွင် အလွန်သက်သာသော နှုန်းထားဟု ဆိုနိုင်ပါသည်။ သို့သော် ဈေးနှုန်း လျော့ သည့်နည်းတူ ဝန်ဆောင်မှု လျှော့ချခြင်းမှာ ဆိုးရွားသော ကိစ္စဖြစ်သည်။ ယခုအချိန်တွင် မိမိ၏ အီးမေးလ် မှတစ်ဆင့် Sky Drive ဆီသို့ Photo Publish လုပ်နိုင်သော လုပ်ဆောင်ချက်ကို ပိတ်ထားပါသည်။

Sugar Sync

Sugar  Sync သည် Dropbox လိုပင် နာမည်ကြီးသော အွန်လိုင်းဝန်ဆောင်မှု တစ်ခုဖြစ်သည်။ ယခုနောက်ပိုင်းလာသော Lenovo Laptop ကွန်ပျူတာများနှင့် အချို့သော စမတ်ဖုန်းများ (ဥပမာ- ဂျပန်နိုင်ငံလုပ် Softbank ဖုန်း) များတွင် Sugar Sync ကို အသင့်ထည့်သွင်း ပေးထားပါသည်။ Sugar Sync အား နာမည်ကျော်စေသော အချက်များထဲတွင် မည်သည့် OS အမျိုးအစားနှင့်မဆို တွဲဖက် သုံးစွဲနိုင်ခြင်းနှင့် ကနဦး အခမဲ့ သိုလှောင်ခွင့် 5GB ပေးထားခြင်းတို့လည်း ပါဝင်သည်။ ဤဝန်ဆောင်မှုသည် အရည်အသွေး တိုးမြှင့်ရန်အတွက် မကြာခဏ Update လုပ်လေ့ရှိသည်။ မိမိ၏ ကွန်ပျူတာထဲရှိ မည်သည့် Folder ကိုမဆို အင်တာနက်ပေါ်ရှိ Virtual Folder ထဲတွင် Sync လုပ်ခွင့်လည်း ပေးသည်။ မည်သည့်ဖိုင် အမျိုးအစားကိုမဆို မည်သည့် Device နှင့်ဖြစ်ဖြစ် Sync လုပ်ခွင့်ပေးသော Micro-manage စနစ်ကို အသုံးပြုသည်။ ဥပမာပြရလျှင် မိမိကွန်ပျူတာထဲမှ ဖုန်းများကို Sugar Sync ထဲတွင် Sync လုပ်ပြီးသည်နှင့် တပြိုင်နက် ယင်းထဲမှမည်သည့် Folder တို့ကို မည်သည့် Device များနှင့် Sync လုပ်လိုသည် သို့မဟုတ် မည်သည့် Device နှင့်သာ Sync လုပ်လိုသည်ကို ရွေးချယ်ခွင့်ပေးထားပါသည်။ ကျန်သည့် Online Storage များထက် အားသာသည့်အချက်မှာ Public Sharing လုပ်သော မည်သည့်ဖိုင်နှင့် ဖိုလ်ဒါကိုမဆို Password ထားရှိခွင့်ပေးခြင်း ဖြစ်သည်။ iPhone နှင့် iPad အတွက် Sugar Sync မှာလည်း အလားတူပင် အရည်အသွေး ကောင်းမွန်သည်။ Dropbox နှင့်မတူသည့် အချက်မှာ Sugar Sync တွင် သိုလှောင်ထားသော တေးဂီတ Album ထဲမှ သီချင်းအားလုံးကို Streaming ပုံစံဖြင့် တစ်ပုဒ်ပြီးတစ်ပုဒ် နားထောင်ခွင့်ပြုခြင်းပင်။ စမတ်ဖုန်း အားလုံးအတွက်လည်း Sugar Sync ရှိသည်။ ထိပ်တန်းလျှို့ဝှက် အဆင့်ဖြင့် Share လုပ်သော ဖိုင်နှင့် ဖိုလ်ဒါများကိုလည်း Encrypt လုပ်ပေးပါသည်။ အခပေးအသုံးပြုရမည့် အနေအထားတွင် 30 GB ပမာဏထိ တစ်လလျှင် ၄.၉၉ ဒေါ်လာနှင့် တစ်နှစ်လျှင် ၄၉.၉၉ ဒေါ်လာ၊ 60GB ပမာဏထိ တစ်လလျှင် ၉.၉၉ ဒေါ်လာနှင့် တစ်နှစ်လျှင် ၉၉.၉၉ ဒေါ်လာ၊ 100 GB ပမာဏထိ တစ်လလျှင် ၁၄ .၉၉ ဒေါ်လာနှင့် တစ်နှစ်လျှင် ၁၄၉.၉၉ ဒေါ်လာ ဖြစ်ပါသည်။

Box

Drop box လောက် လူသိမများသော်လည်း နာမည်ချင်းဆင်သော Box သည်လည်း အခမဲ့ အသုံးပြုနိုင်သော Online Storage ဝန်ဆောင်မှု တစ်ခုဖြစ်သည်။ Account တစ်ခုဖွင့်ပြီး Register ပြုလုပ်ပြီးသည်နှင့် တပြိုင်နက် မိမိ၏ ကွန်ပျူတာ Workflow ထဲတွင် Box Storage ကို ထည့်သွင်း အသုံးပြုနိုင်ပါပြီ။ သူ့တွင် Sync လုပ်ငန်းစဉ်ကို အခမဲ့ ပေးထားသော်လည်း Business Customer များ အတွက်သာ အခမဲ့ ပေးခြင်းဖြစ်သည်။ Box သည် မည်သည့် OS Platform အတွက်မဆို အသုံးပြုနိုင်သည်။ မကြာခဏ Update ပြုလုပ်ပြီးလည်း အရည်အသွေး မြှင့်တင်လေ့ရှိသည်။ သို့သော် ယခုအချိန်အထိ မိမိကွန်ပျူတာထဲရှိ Folder တစ်ခုနှင့်သာ Sync ပြုလုပ်နိုင်ခွင့်ကို သာ ပေးအပ်ထားပါ သည်။ Box Sync မပါသော တစ်ဦးချင်းသုံး Personal Account ကို အခကြေးငွေပေးပြီး အသုံးပြုမည် ဆိုပါက 25GB ပမာဏထိ တစ်လလျှင် ၉.၉၉ ဒေါ်လာနှင့် 50GB ပမာဏထိ တစ်လလျှင် ၁၉ .၉၉ ဒေါ်လာဖြစ်ပါသည်။ လုံခြုံမှုကို အသားပေးလိုသူတို့အတွက်မူ အနည်းဆုံး အသုံးပြုသူ ၃ ဦးပါဝင်သော Business Account သို့မဟုတ် Enterprise Account ကို ဖွင့်လှစ်သုံးစွဲရန် လိုပြီး တစ်ဦးလျှင် အနည်းဆုံး ၁၅ ဒေါ်လာ စတင်ကျသင့်ပါမည်။ Personal Account တွင် 5GB အထိ အခမဲ့ အသုံးပြုနိုင်ပါသည်။ အခမဲ့သုံးရာတွင် အခြားသူများနှင့် File Share လုပ်ခြင်း File Editing လုပ်ခွင့်ပြုခြင်း၊ Preview နှင့် Downlaod အတွက် ကန့်သတ်ချက်များ ထားခြင်းတို့ ပြုလုပ်နိုင်မည် ဖြစ်သော်လည်း Password ပေးခြင်း၊ Automatic Expire Date ထားခြင်းတို့ ပြုလုပ်နိုင်မည် မဟုတ်ပါ။

Media Fire

ဖုန်းဆော့ဖ်ဝဲ Download ဆွဲသူတို့ အနေဖြင့် MediaFire နှင့် ရင်းနှီးပြီး ဖြစ်ပါလိမ့်မည်။ Media Fire သည် Back Up သက်သက်အတွက် သင့်တော်သော Online Storage မဟုတ်ပါ။ Sharing လုပ်ရန် ရည်ရွယ်သော Online Storage အတွက်သာ သင့်တော်ပါသည်။ သို့သော်စနစ်သည် အသုံးပြုရန် အလွန်ရိုးရှင်း လွယ်ကူသော စနစ်ဖြစ်သည်။ စိတ်တိုင်းကျ မဖြစ်သည့် Back up Feature များသည်ပင်လျှင် အသုံးပြုရန် အလွန်လွယ်ကူသည်။ အခမဲ့ အသုံးပြုလိုသူတို့မှာ ဤဝန်ဆောင်မှုကို တစ်လသာ အသုံးပြုခွင့် ရပါမည်။ တစ်လလျှင် ၉ ဒေါ်လာပေးခဲ့လျှင် အကန့်အသတ်မဲ့ Storage ပေးခြင်းနှင့် Download ချခြင်းတို့က Mediafire ၏ ဆွဲဆောင်မှု ဖြစ်ပါသည်။ သို့သော် Mobile Platform အတွက် အသုံးမပြုနိုင်ခြင်း၊ အသုံးပြုသော ဖိုင်များကို Encrypt မပြုလုပ်ပေးခြင်း၊ File Sharingအတွက် ကန့်သတ်ချက် မပြုလုပ်ပေးနိုင်ခြင်း စသော အားနည်းချက်များ ရှိပါသည်။

ဧဧသက် (ဖြိုးဓန ဒစ်ဂျစ်တယ်ဓာတ်ပုံ)

Android 4.2 တွင် Beanflinger ဖြင့် Unlock ပြုလုပ်ခြင်း


Android 4.2 Version ဖြစ်တဲ့ Jelly Bean မှာ Feature အသစ်ဖြစ်တဲ့ Daydream ဆိုတဲ့ Feature အသစ်တစ်ခုကို ထည့်သွင်းထားတာ တွေ့ရမှာ ဖြစ်ပါတယ်။  Daydream ဟာ Screensaver နဲ့ သိပ်မကွာခြားတဲ့ Feature တစ်ခု ဖြစ်ပါတယ်။  Daydream ကို အသုံးပြုမယ်ဆိုရင် Default အဖြစ် ငါးမျိုး ထည့်သွင်းပေးထားတာကို တွေ့ရမှာပါ။ Daydream Feature ကို အသုံးပြုပြီး သင့်ရဲ့ Android Device ကို Lock စနစ် ပြုလုပ်မယ်ဆိုရင် အောက်ပါအတိုင်း ပြုလုပ်နိုင်ပါတယ်။ Daydream ကို အသုံးပြုဖို့အတွက် ပထမဦးဆုံး သင့်ဖုန်းဟာ Android 4.2 ကို အထောက်အပံ့ပေးထားတဲ့ ဖုန်းအမျိုးအစား ဖြစ်ဖို့လိုပါတယ်။ လက်ရှိရောက်နေတဲ့ Firmware Version ကို ကြည့်ဖို့အတွက် Settings အောက်က About Phone ဆိုတဲ့နေရာကို ရွေးချယ်ပြီးဝင်ရမှာ ဖြစ်ပါတယ်။ About Phone ထဲကို ရောက်ပြီဆိုရင် Android Version ဆိုတဲ့ နေရာမှာ သင့်ဖုန်းရဲ့ Android Version ကို တွေ့ရမှာဖြစ်ပါတယ်။ 4.2 Version မဟုတ်သေးဘူ ဆိုရင်တော့ ပထမဆုံး  Upgrade ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Upgrade ပြုလုပ်ဖို့အတွက် Settings အောက်က System Update ဆိုတာကို ရွေးချယ်ပေးရပါမယ်။ သင့်ဖုန်းအတွက် Android 4.2 Version ကို အထောက်အပံ့ ပေးထားပြီဆိုရင် System Update မှာသာ ပြသမှာ ဖြစ်ပါတယ်။ အဲဒီကနေ Download ပြုလုပ်ပြီး System Upgrade ပြုလုပ်သင့်ပါတယ်။ ဒီအဆင့်တွေ ပြီးပြီဆိုရင်တော့ သင့် Android Phone ဟာ Version 4.2 ကို ဖြစ်နေပါပြီ။ Android 4.2 Version ဖြစ်တဲ့ Jelly Bean မှာ Feature အသစ်ဖြစ်တဲ့ Daydream Feature ကို အသုံးပြုပြီး Bean- Flinger နဲ့ သင့် Hand Set ကို Unlock ပြုလုပ်ဖို့အတွက် အောက်မှာ ဖော်ပြထားတဲ့ အချက်တွေအတိုင်း ပြုလုပ်ပေးရပါမယ်။  Settings ထဲက Display အောက်မှာ Daydream ဆိုတဲ့ Feature ကို အရင်ဆုံး သွားဖွင့်ထားရမှာ ဖြစ်ပါတယ်။ Daydream ကို ဖွင့်ပြီးပြီဆိုရင်တော့ နာရီနဲ့  ပြုလုပ်ချင်တာလား ဒါမှမဟုတ် Bean-Flinger, Colors, Currents, Photo Frame, Photo Table အစရှိတာတွေကို နှစ်သက်ရာ ရွေးချယ်ပြီး ထားနိုင်မှာ ဖြစ်ပါတယ်။ Bean Flinger ကို အသုံးပြုဖို့အတွက် Screen ရဲ့ အလယ်မျက်နှာပြင်ကို ဖိထားရပါမယ်။ ဖိနှိပ်ထားတဲ့အချိန်မှာ Jelly Bean ထည့်သွင်းထားတဲ့ Device ဟာ တုန်ခါမှုနဲ့အတူ တက်လာမှာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာတော့ လှုပ်ရှားမှုတွေနဲ့ အလုပ်လုပ်နေတဲ့ Screen Saver ဆန်ဆန် Daydream Feature ကို သင့်ရဲ့ Device Screen အထက်မှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ Daydream Feature ဟာ Android Version 4.2 ပေါ်မှာသာ ပါဝင်တဲ့အတွက် Daydream ကို သုံးစွဲမယ့်သူတွေရဲ့ Android Device ဟာ Android Version 4.2 ကို အထောက်အပံ့ပေးတဲ့ Device တွေ ဖြစ်ဖို့တော့ လိုအပ်မှာ ဖြစ်ပါတယ်။

သီဟ

မြန်မာပြည်မှ အွန်လိုင်းပြည့်တန်ဆာများအကြောင်း

 
ယခင်က တယ်လီဖုန်းများဖြင့် ဆက်သွယ်ပြီး ဖေါက်သည် ရှာဖွေခဲ့ကြသည်။၊ မြို့တွင်းရှိ ကားမှတ်တိုင်များ တွင်ရပ်ပြီး ကားစီးမည့် ခရီးသည် အချင်းချင်း  လိုက်လံကပ်မေး အချက်ပြပြီး တည်းခိုခန်း၊ ဟိုတယ်လ် သို့ ခေါ်ဆောင်ကာ လိင်ဖျော်ဖြေရေး လုပ်ငန်းများ လုပ်ဆောင်နေကြသလို ကန်တော်ကြီး၊ ပြည်လမ်းမ များပေါ်ရှိ ကားမှတ်တိုင် အချို့တွင် ထိုင်လျက် ကိုယ်ပိုင်ကားများကို အချက်ပြကာ လိင်ဖျော်ဖြေရေး လုပ်ငန်း လုပ်ကိုင် နေသူများလည်း ရှိသည်။ အဆိုပါ နည်းများဖြင့် လိင်ဖျော်ဖြေရေး လုပ်ကိုင်နေသူများကို မြန် မာ နိုင်ငံ ရဲတပ်ဖွဲ့မှ စစ်ဆေးအရေးယူမှု များကြောင့် ပေါ်ပေါ်တင်တင် မလုပ်ရဲကြဘဲ မသိမသာ ပုံစံဖြင့်သာ ကိုယ်ယောင်ဖျောက် လုပ်ကိုင် နေကြသော်လည်း ယခုအခါ အိုင်တီ နည်းပညာကို အသုံးပြု ပီး ခေတ်မှီ နည်းများဖြင့် ဈေးကွက် ချဲ့ထွင်လာသည်ကို တွေ့မြင် ကြားသိ နေရသည်။ ထိုကဲ့သို့ အမှန်တကယ် ပြည့်တန် ဆာ လုပ်ငန်းကို လုပ်ကိုင်နေသူ အမျိုးသမီးများ အနေဖြင့် ပေါက်သည့်နဖူး မထူးဟူသော စကားအတိုင်း မထူးဆန်း လှသော်လည်း အတုမြင် အတတ်သင်လာမည့် ဆယ်ကျော်သက်များ နှင့် အင်တာနက်ကို အမှန် တကယ် အသုံးပြုနေသည့် ငယ်ရွယ်နုပျိုသည့် မိန်းကလေးများ၏ အရှက်နှင့်သိက္ခာ အတွက်မူ စိုးရိမ်ဖွယ် အခြေအနေ တစ်ရပ် ဖြစ်လာနေသည်။ လက်ရှိဖြစ်ပေါ်နေသော အင်တာနက်ကို အသုံးပြုပြီး  လိင်ဖျော် ဖြေရေးလုပ်ငန်း လုပ်ကိုင်နေသူများမှာ အသက် ၁၈ နှစ် မှ အသက် ၃၀ ပတ်ဝန်းကျင် အထိ အမျိုးသမီးများ ပါဝင်နေပြီး အချို့မှာ ဂိုဏ်းဖွဲ့ပြီး ပြည့်တန်ဆာခေါင်းဆောင် များက Online အသုံးပြုကာ ဈေး ကွက်ရှာဖွေပေးပြီး လိင်ဖျော်ဖြေမည့် အမျိုးသမီးငယ်များကို စုဆောင်း ထားသည်ဟုပင် ကြားသိနေ ရသည်။ အဆိုပါ အခြေအနေနှင့် ပတ်သက်ပြီး ရန်ကုန်မြို့ ၌ အင်တာနက်ကဖေး တစ်ခုကို ဦးစီးလုပ်ကိုင်နေသည့် ညီငယ်တစ်ယောက်၏ အတွေ့အကြုံများကို MMDailynews.com မှ မေးမြန်းခဲ့ရာ သူက " အွန်လိုင်း ကနေ ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်နေတာတွေရှိတယ် အစ်ကို၊ ဆိုင်မှာလာသုံးနေတဲ့ User တစ်ယောက်ပေါ့။ သူက ကောင်မလေး တစ်ယောက်ရဲ့  အကောင့်ကို ရလို့ Gtalk ကနေ Add လိုက်တယ်။ အစကတော့ သူဘာဆိုတာ မပြောဘူး ပြီးတော့ အပြင်မှာချိန်းတယ်။ အဲ့ဒီမှာ သူတို့လုပ်စရာ ရှိတာတွေ ဆက်လုပ်ကြတယ် အဲ့တာကတစ်မျိုး အခကြေးငွေ အတွက် တည်းခိုခန်းမှာချိန်း ဘယ်လောက် ရရင် လိုက်မယ်ပေါ့။ နောက်တစ်ခုက အကြီးစား ပြည့်တန်ဆာ တွေပေါ့။ အွန်လိုင်းကနေ တွေ့တယ်။ ပြီးရင် ချိန်းတယ် ကြိုက်ရင်လိုက်သွားတယ် (ကက) သီးသန့်ပေါ့။ အခု နောက်ပိုင်း အွန်လိုင်းကို ပြည့်တန် ဆာတွေ တော်တော်သုံးလာကြတယ်။ Online ကနေရတဲ့ ဖေါက်သည် တွေကလဲ ငွေကြေး များများ ပေးနိုင် တာကိုး။ ဒီလုပ်ငန်း ဖြစ်လာတာ ခန့်မှန်း ရသလောက် အထူးသဖြင့် ရန်ကုန်မှာပေါ့။ 2010 ခုနှစ် နောက်ပိုင်း အခု 2012 ခုနှစ် မှာ အမြင့်ဆုံးကို ရောက်နေတယ်လို့ ထင်ပါတယ်။ ဒီလို ပြည့်တန်ဆာတွေ လှူပ်ရှားလာတော့ ကျန်တဲ့ ဆယ်ကျော်သက် အမျိုးသမီးတွေ မူဒိန်းမှူတွေနဲ့ ကိုယ်ကျင့်တရား အထိန်းသိမ်း လျော့ရဲတာတွေပါ ဖြစ်လာနိုင်ပါတယ်။ အွန်လိုင်း ပြည့်တန်ဆာတွေရဲ့ ပစ်မှတ်က အွန်လိုင်း (ချက်တင်)ကို အသုံးပြုတတ်ခါစ လူတွေ၊ အပြင်မှာ တစ်ခါမှ လက်တွေ့မစမ်းရဲကြတဲ့ ဆယ်ကျော် သက်တွေ ငွေကြေးတတ်နိုင်တဲ့ သူတွေလို့ ထင်ပါတယ်။ သူတို့က Gtalk နဲ့ VZO ကို အများဆုံး အသုံးပြုပါတယ်။ အခုနောက်ပိုင်းပေါ့။ မြန်မာဘလော့ဂါ အချို့ ရဲ့  Sex ၀က်ဆိုဒ်တွေမှာ Member ၀င်ပြီးလဲ ဆက်သွယ် နေကြပါတယ်။ ကျွန်တော်ကိုယ်တိုင် တစ်ခါတော့ ကြုံဘူးတယ်။ အကောင့်က  ကျွန်တော့် Gtalk ကို အမှတ်မထင် ရောက်လာတယ်။ ကျွန်တော်က လက်ခံလိုက်တယ်။ သူဂျီတော့မှာ မက်ဆေ့ခ်ျ တစ်ခု တင်ထားတယ်။ သူနဲ့ ပျော်ချင်ပါသလား တစ်ည ( Edit ) ဆိုပြီး။ ကျွန်တော့် သူငယ်ချင်းတွေနဲ့ ဒီလောက် ရဲတင်းလှတာ ကောင်မလေး တကယ်ဟုတ်မဟုတ် မေးမယ်ဆိုပြီး သူငယ်ချင်းတွေ သူ့အကောင့်ကို ၀ိုင်း Add ကြတယ်။ အပြင်မှာ ချိန်းတယ် တကယ့် ကောင်မလေးပါဘဲ။ သူက ဘယ် တည်းခိုခန်းမှာ ဘယ်လိုဆို ဘယ်လောက် စိတ်ကြိုက် ကြိုက်တာခိုင်း ဆိုဘယ်လောက်။  လူဘယ်နှစ်ယောက်ဆို ဘယ်လောက် ဆိုပြီး ဈေးတွေတာင် Online ကနေ ညှိခဲ့ဘူးတယ်။ တကယ် သူချိန်းတဲ့ လက်ဖက်ရည်ဆိုင်မှာ တစ်ယောက် ကသွားပြီး စောင့်ကြည့်တယ်။ တကယ်ဟုတ်မဟုတ် ကိုပေါ့။ တကယ် ပါဘဲ ကောင်မလေး တော်တော်ကို ချာချော လေးပါဘဲ။ မထင်ရက်စရာပေါ့။ အသက် ၁၉ နှစ် ၂၀နှစ် ၀န်း ကျင်လေးပါ။ တကယ်တော့ ကျွန်တော်တို့ မပျော်ခဲ့ပါဘူး။ နောက်ပိုင်းတော့ သူ့အကောင့်ကို Block လိုက်ပါတယ်။ အသိ User တစ်ယောက်တော့ အွန်လိုင်းကနေတွေ့ပြီး တစ်ခါ အလုပ်ဖြစ်ခဲ့ဖူးတယ် ပြော ပါတယ်ဟု " ပု ဇွန်တောင်မြို့နယ်ရှိ Hero Cyber Cafe မှ ကိုအေးမင်းထွန်း က MMDailynews.com သို့ သူ့အတွေ့အကြုံများကို ပြောသည်။ အခြား အင်တာနက်ဆိုင်မှ ၀န်ထမ်း တစ်ဦးကလည်း " ဟုတ်ကဲ့ ခင်ဗျ၊ ဂျီတော့မှာကို ဖော်ချွတ်ပုံတင်ပြီး တကယ်လိုက်တဲ့ အကောင့်ပိုင်ရှင်တွေ ရှိပါတယ်။ ဆိုင်တွေမှာလည်း အဲ့သလို အကြောင်းကိစ္စတွေ အတွက် အသုံးပြုနေတာတွေ အနည်းနဲ့အများတော့ မြင်နေရပါတယ်။ အွန်လိုင်းမှာပဲ ချိန်းပြီးကားနဲ့ လာကြိုသွားတဲ့အထိ တွေ့ခဲ့ဖူးပါတယ် " ဟု သူမြင်တွေ့ ခဲ့ရသမျှ ပြောသည်။ အွန်လိုင်းမှ ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် ဖေါက်သည်ရှာရန် အတွက် သီးခြား ပြင်ဆင်စရာ မလိုသည့် အပြင် ပြောဆို ညှိ့နှိုင်းရာတွင်လည်း နှစ်ဦးနှစ်ဖက် မျက်နှာပူစရာ မလိုခြင်း၊ ဈေးညှိနှိုင်းနေစဉ် အဖမ်းအဆီး ခံရမည့် အရေး အတွက်လည်း ကျီးလန့်စာစား ဖြစ်စရာမလိုခြင်း၊ ပတ်ဝန်းကျင်မှ အသိမိတ်ဆွေများက ရိပ်မိ သွားမည်ကိုပါ စိုးရိမ်စရာ မလိုသည့် အခြေအနေများကြောင့် အွန်လိုင်းမှ ဖေါက်သည်ရှာခြင်း လုပ်ငန်းကိုတိုးမြှင့် ဆောင်ရွက်လာကြခြင်း ဖြစ်သည်။ မြန်မာလူမျိုး မိဘ များအနေဖြင့် သားသမီးများကို ခေတ်မှီ နည်းပညာများနှင့် ထိတွေ့ ရင်းနှီုး လာစေလိုသော သဘောဖြင့် အင်တာနက် အသုံးပြုမှုကို လွတ်လပ်စွာ ခွင့်ပြုထားကြ သော်လည်း ကျန်း မာရေး ရှုထောင့်အရ ကြည့်မည် ဆိုပါက လည်းကောင်း အကျင့်သိက္ခာ ပိုင်းအရ လည်းကောင်း ထိခိုက်နစ်နာမှုများ မဖြစ်လာစေရေး အတွက် သားသမီးတို့၏ အင်တာနက် အသုံးပြုမှုကို အတိုင်းအတာ တစ်ခုအထိ စောင့်ကြည့် ထိန်းသိမ်း စောင့်ရှောက် သွားရန်ပါ လိုအပ်လာပြီ ဖြစ်သည်။
 
ရွှေမြန်မာ

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Modern Warfare 3