October 25, 2012

ပေါင် ၁၀ သန်းကျော်ဖိုး ပန်းချီကား ၇ ချပ် သူခိုးခိုးခံရ

ရုပ်ရှင်တွေထဲမှာပဲ မြင်ဖူး၊ ကြားဖူးတယ် မမှတ်ပါနဲ့။ ကမ္ဘာကျော် တန်ကြေးကြီး ပန်းချီကားချပ်တွေ ခိုးခြင်း ခံရတာ အခု ကိစ္စက တကယ်ဖြစ်သွားပါတယ်။ နာမည်ကြီး ပန်းချီပြခန်း တခုကနေ စတာလင်ပေါင် သန်းနဲ့ချီတန်တဲ့ နာမည်ကြီးပန်းချီဆရာတွေရဲ့ ပန်းချီ ကား ၇ ချပ်ဟာ သူခိုး ခိုး ခံလိုက်ရပါတယ်။ အောက်တိုဘာလ ၁၆ ရက်နေ့ သတင်းတခုမှာ ပီကာဆို၊ မိုနေတို့ရဲ့ လက်ရာတွေ ပါတဲ့ စတာလင် ပေါင် ၁၀ သန်းကျော် တန် တဲ့ ပန်းချီကားတွေကို နယ်သာလန်နိုင်ငံ၊ ရိုတာဒမ်မှာ ရှိတဲ့ Kunsthal ပြတိုက်ကနေ သူခိုးတွေက ခိုးသွားခဲ့တာပါ။ ခေတ်သစ် မော်ဒန် ပန်းချီဆရာကြီးတွေဖြစ်ကြတဲ့ Henri Matisse ၊ Paul Gaugin၊ Lucien Freud နဲ့ Meyer de Haan တို့ရဲ့ ချိတ်ဆွဲထားတဲ့ ပန်းချီကားတွေလည်း ပျေက်ဆုံးနေတဲ့ စာရင်းထဲမှာ ပါတယ်လို့ ရဲက ပြောပါတယ်။ ရိုတာဒမ်ရဲ ပြောခွင့်ရ အမျိုးသမီး Patricia Wessels က ပြောတာက သူခိုးတွေက ညဖက်မှာ ဖောက်ဝင်ပြီး ပန်းချီကားတွေ ထဲက တချို့ကိုသာ ခိုးယူသွားတာဟာ တော်တော် စဉ်းစားစရာဖြစ်နေတယ်လို့ ဆိုပါ တယ်။ အထူး စုံစမ်းစစ်ဆေးမှုတွေလည်း သဲလွန်စတွေကို ကောက်ပြီး လုပ်ဆောင်နေပါတယ်လို့ သိရပါတယ်။ “သူတို့ ဘယ်လို ၀င်လာတယ်၊ ဘယ်အချိန်မှာ ဘာတွေဖြစ်ခဲ့တယ်၊ ဘယ်သူတွေ လုပ်နေတယ်ဆိုတာ ကျမတို့ စုံစမ်း စစ်ဆေး နေဆဲပါ” လို့ သူက ဆိုပါတယ်။ သူခိုးတွေဟာ အဲဒီနေ့ မနက် ၃ နာရီလောက်က ဖော်ထွင်းခဲ့နိုင်တယ်လို့ ရဲတွေက ယုံကြည်နေကြပါတယ်။ သူခိုး ခိုးခံလိုက်ရတဲ့ ပန်းချီးကားတွေထဲမှာ Pablo Picasso ရဲ့ ‘Harlequin’s Head’၊ Henri Matisse ရဲ့ ‘La Liseuse en Blanc et Jaune’ နဲ့ နောက်ထပ် ၂ ကားကတော့ မိုးနေးရဲ့ ‘Waterloo Bridge, London’ နဲ့ ‘Charing Cross Bridge, London’ အမည်ရတဲ့ ပန်းချီကားတွေ ဖြစ်ပါတယ်။ ကျန်တဲ့ ပန်းချီးကားတွေကတော့ Paul Gauguin ရဲ့ ‘Femme Devant une Fenetre Ouverte, dite La Fiancee’, Meyer de Haan ရဲ့ ‘Self-portrait’ နဲ့ Lucian Freud ရဲ့ ‘Woman with Eyes Closed’ အမည်ရတဲ့ပန်းချီကားတွေပဲ ဖြစ်ကြပါတယ်။ ရဲက အစောပိုင်း သူခိုး ခိုးခံရတာကို ထုတ်ပြန်ကြေညာဖို့ ငြင်းဆန်ခဲ့ပြီးမှနောက်ပိုင်း ရမ်းတာဒမ်းမှာ ရှိတဲ့ Kunsthal ပြတိုက်က ပန်းချီကား ၇ ခုကို အင်္ဂါနေ့က သူခိုးခိုးခံရတယ်ဆိုပြီး ကြေညာချက် ထုတ်ပြန်ခဲ့ ပါတယ်။ ကနဦး စုံစမ်းစစ်ဆေးမှုတွေအရ သူခိုးတွေဟာ သေချာ စနစ်တကျ ကြိုတင်ပြင်ဆင်မှုတွေလုပ်ခဲ့တယ်လို့ သုံးသပ်ကြပြီး အခုတော့ ပြတိုက်ကို လုံခြုံရေးတွေလည်း တိုးမြှင့်ထားလိုက်ရပါပြီ။ သူခိုးတွေဟာ သက်သေဖြစ်မယ့် လုံခြုံရေး ဗီဒီယို မှတ်တမ်း ရိုက်တဲ့ ကင်မရာကိုလည်း ဖြတ်တောက်ထား ပါတယ်တဲ့။ နောက် ညဖက် အချက်ပေး လုံခြုံရေး ခေါင်းလောင်း စနစ်ကလည်း အလုပ်မလုပ်ခဲ့ကြောင်း၊ သူခိုးတွေ ဟာ ပြတိုက် အရာရှိတွေ ပြတိုက်ကို ရောက်လာတဲ့အချိန်မှာ ထွက်သွားခဲ့တာဖြစ်ပါတယ်လို့ ရဲပြောခွင့်ရ အမျိုးသမီးက ဆိုပါတယ်။ အခု သူခိုးဖောက်ထွင်းခံလိုက်ရတဲ့ ဒတ်ခ်ျက ပြတိုက် Kunsthal မှာ သူ့ကိုယ်ပိုင် စုဆောင်းထားတာတွေ ကို အမြဲပြထားတာမျိုး မဟုတ်ပါဘူး။ ဒီပြတိုက်က ဓာတ်ပုံတွေ၊ ပန်းချီ၊ ပန်းပုတွေ၊ ဒီဇိုင်း၊ ဖက်ရှင်တွေ စတဲ့ အနုပညာ လက်ရာတွေကို ပြပွဲတွေ လုပ်ပြီး ရောင်းချပေးလေ့ရှိတာပါ။ ကမ္ဘာကျော် အနုပညာရှင်ကြီးတွေဖြစ်တဲ့ Van Gogh၊ Marcel Duchamp၊ Piet Mondriaan၊ Paul Cezanne၊ Salvador Dali၊ Roy Lichtenstein နဲ့ Andy Warhol တို့ရဲ့ လက်ရာတွေပါတဲ့ ထရီ တန် ဖောင်ဒေးရှင်းပိုင် ပန်းချီကားပေါင်း ၁၅၀ ကို ပြသနေတဲ့ အနှစ်၂၀ ပြည့် နှစ်ပတ်လည် ပြပွဲကို ဒီပြတိုက်က မကြာသေးခင်ရက်ပိုင်း ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Modern Warfare 3