October 21, 2012

နေပြည်တော် သမ္မတ အိမ်ဖြူတော်တွင်သမ္မတကြီး မီဒီယာများနဲ့သတင်းစာ ရှင်းလင်းပွဲပြုလုပ်

Photo

မိမိတို့ အစိုးရ လက်ထက်တွင် တည်ဆောက်ရေး စီမံကိန်းများကို ပွင့်လင်း မြင်သာအောင် ဆောင်ရွက်မည် ဖြစ်ကြောင်း၊  တိုင်းရင်းသားများနှင့် ပတ်သက်သော လက်နက်ကိုင် ပဋိပက္ခများကို ချုပ်ငြိမ်းအောင် အဆင့်သုံးဆင့်ဖြင့် ဆောင်ရွက်နေကြောင်း၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ဆောင်ရွက်ရာတွင် Peace Center တစ်ခုကို မကြာမီ ဖွင့်သွားမည် ဖြစ်ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားရာ ဒေသ၌ အေးချမ်းဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ကချင်ပြည်နယ်အတွင်း ပဋိပက္ခများက ဆုံးရှုံးမှုများကြောင်း၊ ဒေသတွင်း တိုင်းရင်းသားများ အိမ်ရာများကို စွန့်ခွာပြေးသွားခြင်းက စိတ်မကောင်းဖွယ် ဖြစ်ကြောင်း၊ ကချင်ဒေသကို ငြိမ်းချမ်းစေလိုကြောင်း၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး မျက်နှာချင်းဆိုင် ဆွေးနွေးပွဲများ၊ ယုံကြည်မှု တည်ဆောက်ခြင်းများ လုပ်ဆောင်နိုင်ပြီဆိုပါက မကြာမီတွင် ငြိမ်းချမ်းရေးကို မျှော်လင့်နိုင်မည်ဟု နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က ပြောပါသည်။

ကေအိုင်အို စစ်သား တစ်ယောက် ဆုံးရှုံးတာလဲ တိုင်းပြည်အတွက် ဆုံးရှုံးတာ။ မြန်မာ စစ်သား ဆုံးရှုံးတာလဲ တိုင်းပြည်ဆုံးရှုံးတာပါ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေးသည် ပြည်သူများက ရွေးကောက် တင်မြှောက်ထားသော လွှတ်တော် ကိုယ်စားလှယ်များပေါ်တွင် မူတည်ကြောင်း၊ မိမိတစ်ဦးတည်း အနေဖြင့် မပြောနိုင်ကြောင်း၊ ဖွဲ့စည်းပုံ ပြင်ရေး မပြင်ရေးကို လွှတ်တော် ကိုယ်စားလှယ်များ၏ သဘောထားဖြင့်သာ သွားရမည် ဖြစ်ကြောင်း၊ နောက်ပြန် မလှည့်ရန်အတွက် ပြည်သူများအပေါ်တွင် မူတည်ကြောင်း၊ ရှေ့ကို ဆက်၍ ချီတက်သွားရန်လိုကြောင်း နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က Eleven Media Group မှ မေးမြန်းခဲ့သော ယခု သမ္မတကြီး သက်တမ်းအတွင်း ဖွဲ့စည်းပုံ ဥပဒေပြင်ရန် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်းပြီး ဖြေကြားခဲ့ပါသည်။

အကျဉ်းခံနေရသော မြန်မာနိုင်ငံသားများအား မိမိတစ်ဦးတည်း၏ စိတ်ဆန္ဒဖြင့် လွှတ်ပေးခြင်းမဟုတ်ပဲ UN နှင့် နိုင်ငံရေးပါတီ အသီးသီးမှ စာရင်းများ တောင်းယူပြီး အခြေနေ အရပ်ရပ်ကို စိစစ်ကာ လွှတ်ပေးခြင်းဖြစ်ပြီး ကျန်ရှိနေသေးသော အကျဉ်းသားများ ရှေ့ဆက် လွှတ်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားပြီး သမ္မတကြီးက ထပ်လောင်း ပြောကြားသည်။ ထို့ပြင် လွှတ်ရက်နီးသော အကျဉ်းသားများကိုလည်း ဖြေလျော့ လွှတ်ပေးထားခဲ့ဖူးကြောင်း သိရသည်။

၂၀၁၅ ခုနှစ်တွင် နိုင်ငံတော် သမ္မတအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်မည်လား ဆိုသော မေးခွန်းနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က သူ့အနေဖြင့် ကျန်းမာရေး အခြေအနေအရ သက်တမ်းတစ်ခုသာ တာဝန်ထမ်းဆောင်ရန် စဉ်းစားထားသော်လည်း တိုင်းပြည်၏ လိုအင်၊ ပြည်သူ၏ ဆန္ဒ ရှိပါက သမ္မတအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်မည်ဟု ပြောကြားခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီသည် လွှတ်တော်အတွင်း နေရာ အများစု ရထားသော ပါတီ တစ်ခုဖြစ်ပြီး သမ္မတကြီး ဦးသိန်းစိန် ကိုယ်တိုင်က ပါတီ ဥက္ကဋ္ဌ ဖြစ်သောကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် မိမိပါတီဝင်များအား တိုက်တွန်းရန် ရှိ၊ မရှိ မေးခွန်းနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က သမ္မတ တစ်ဦး၏ လုပ်ပိုင်ခွင့်များကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပြဌာန်းထားပြီး ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးသည် လွှတ်တော်တွင်း ရှိနေသော ပြည်ခိုင်ဖြိုး လွှတ်တော် အမတ်များ အပါအဝင် အခြားသော ပြည်သူ့လွှတ်တော် အမတ်များ၏ သဘောထား အပေါ်တွင်သာ မူတည်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

သမ္မတကြီး ဦးသိန်းစိန် အစိုးရလက်ထက်တွင် ဆောင်ရွက်နေသော စီမံကိန်းများကို လွှတ်တော်သို့ တင်ပြပြီး ခွင့်ပြုချက် ရယူပြီးမှ ပွင့်လင်းမြင်သာမှု ရှိစွာဖြင့် ဆောင်ရွက်နေပြီး နောင်တွင် ဆောင်ရွက်မည့် အစိုးရ စီမံကိန်းများကိုလည်း ပွင့်လင်းမြင်သာမှု ရှိအောင် ဆောင်ရွက်သွားမည်ဟု သမ္မတကြီးက ယခင်ဆောင်ရွက်ခဲ့သော အစိုးရ စီမံကိန်းများ ပွင့်လင်းမြင်သာမှု မရှိသည့်အတွက် နောက်ဆက်တွဲ ပြဿနာများ မကြာခဏ ဖြစ်ပွားနေ၍ နောင်တွင် ဆောင်ရွက်မည့် စီမံကိန်းများ ပွင့်လင်းမြင်သာမှုရှိအောင် မည်သို့လုပ်ရန် ရှိပါသလဲ” ဟူသော မေးခွန်းကို ပြန်လည် ဖြေကြားခဲ့သည်။

ဆင်းရဲနွမ်းပါးမှု လျော့ချရေးကို စီမံချက် ၈ ခုဖြင့် ဆောင်ရွက်နေကြောင်း နေ့ချင်း ညချင်း အကျိုးဖြစ်ထွန်းမည် မဟုတ်သော်လည်း တောင်သူလယ်သမားများ ဘဝ တိုးတက်မှု ရှိစေရန် ကြိုးစားနေကြောင်းနှင့် ချေးငွေများကို တဖြည်းဖြည်းချင်း ပိုမို ထုတ်ချေးနိုင်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က နိုင်ငံတော် သမ္မတရုံး၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့ပါသည်။

သမ္မတကြီး ဦးသိန်းစိန်က ၎င်းခံစားခွင့်ရှိသော လစာငွေ ကျပ်သိန်းငါးဆယ်ကို မယူဘဲ ယခင်အစိုးရလက်ထက် နိုင်ငံအကြီးအကဲ၏ လစာနှုန်းဖြစ်သော ကျပ်ဆယ့်ငါးသိန်းကိုသာ ရယူခံစားနေကြောင်း ပြောကြားသည်။ တိုင်းပြည်စီးပွားရေး မဖွံ့ဖြိုးသေး၍ ဝန်ထုပ်ဝန်ပိုး မဖြစ်အောင် ဥပဒေအရ ကျပ်သိန်းငါးဆယ် ခံစားခွင့်ရှိသော်လည်း ယခင် အစိုးရလက်ထက်က နှုန်းအတိုင်းသာ ရယူခံစားခြင်း ဖြစ်ပြီး ထိုနှုန်းမှာ ကုမ္ပဏီကြီးများတွင် တာဝန် ထမ်းဆောင်နေသော အဆင့်မြင့် ဝန်ထမ်း တစ်ဦး လစာခန့်သာရှိကြောင်း သမ္မတကြီးက ပြောကြားသွားသည်။

ဖုန်းဈေးနှုန်းများကို လျော့ချပေးရုံသာမက အလကားပင် ပေးလိုသည့် ဆန္ဒ မိမိတွင်ရှိကြောင်း၊ လက်ရှိအခြေအနေများအရ ထိုသို့ မဖြစ်နိုင်သေးဘဲ တဖြည်းဖြည်း လျော့ချပေးသွားမည် ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်မှ လယ်သမားတစ်ဦးပင် ဖုန်းကို ခါးချိတ်ထားနိုင်သည့် အခြေအနေ ဖြစ်နေကြောင်း၊ ထို ကိစ္စရပ်သည်လည်း နိုင်ငံ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသဖြင့် မြှင့်တင်သွားမည် ဖြစ်ကြောင်း၊ လိုအပ်သော အခြေခံ အဆောက်အဦများ ပြီးသွားပြီး ထပ်ဆောက်ရန် မလိုတော့ပါက ဈေးနှုန်း များ လျော့ကျသွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က သမ္မတ အိမ်တော်၌ ပြုလုပ်နေသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

လက်ရှိ အစိုးရ၏ အချိန်တို ကာလအတွင်း လူတိုင်းလူ တိုင်းတိုး တက် ပြောင်းလည်းရန် မဖြစ်နိုင်သေးကြောင်းတိုင်းပြည်၏ အကျိုးခံစားခွင့်ကို အစိုးရ သာမက ပြည်သူကပါ ကူညီလုပ်ကိုင်ရန် လိုအပ်ကြောင်း၊ ဆင်းရဲနွမ်းပါးမှု လျော့ချရေးကို စီမံချက် ၈ ခုဖြင့် ဆောင်ရွက်နေကြောင်း နေ့ချင်းညချင်း အကျိုးဖြစ်ထွန်းမည် မဟုတ်သော်လည်း တောင်သူလယ်သမားများ ဘဝ တိုးတက်မှုရှိစေရန် ကြိုးစားနေကြောင်းနှင့် ချေးငွေများကို တဖြည်းဖြည်းချင်း ပိုမို ထုတ်ချေးနိုင်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်၊ လက်ရှိတွင် ပြည်ထောင်စုသို့ ပို့ထားသော နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဥပဒေသည် နိုင်ငံခြားသား ရင်းနှီးမြုပ်နှံမှုအတွက် ဆွဲဆောင်မှုရှိရန် ပြင်ဆင်ပေးပို့ထားကြောင်း နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က တွေ့ဆုံပွဲတွင် ထပ်လောင်းပြောကြားသည်။

နိုင်ငံတော်သမ္မတကြီး၏ ပြည်တွင်း မီဒီယာများနှင့် တွေ့ဆုံမှုတွင် ပေါ်ပြူလာနယူးစ် ဂျာနယ်မှ သမ္မတကြီး အနေဖြင့် အခြေခံ ဥပဒေ ပြင်ဆင်ရေးသည် လွှတ်တော် ကိုယ်စားလှယ်များ၏ ဆန္ဒပေါ်တွင် မူတည်သည်ဟု ပြောကြားခဲ့ခြင်းကြောင့် လွှတ်တော်ထဲ၌ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု ကိုယ်စားလှယ်များ အများဆုံး ဖြစ်ခြင်းကြောင့် ဥက္ကဋ္ဌ တစ်ယောက် အနေဖြင့် ပါတီဝင် အမတ်တို့ကို အခြေခံ ဥပဒေ ပြင်ဆင်ရေး တိုက်တွန်းသွားရန် ရှိပါသလား ၊ သမ္မတကြီးရဲ့ တစ်ဦးတည်း ဆန္ဒ အနေဖြင့် အခြေခံ ဥပဒေ ပြင်ဆင်ရေး အပေါ် လိုလားမှု ရှိ မရှိ မေးမြန်းခဲ့ရာ သမ္မတကြီးက မိမိသည် ပါတီ ဥက္ကဋ္ဌ ဖြစ်သော်လည်း ပါတီတာဝန်ထမ်းဆောင်ခွင့် မရှိသောကြောင့် တိုက်တွန်းရန် မဖြစ်နိုင်ကြောင်း ဖြေကြားခဲ့သည်။

သမ္မတကြီး၏ အပြောင်းအလဲများကို အောက်ခြေလူထု မခံစားရသေးကြောင်း ပြောဆိုမှုအပေါ် မည်သို့ ထင်မြင်သနည်း မေးခွန်းကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြန်လည်ဖြေကြားရာ၌ အပြောင်းအလဲကို လူတိုင်း ကျေနပ်နိုင်အောင် လုပ်ဆောင်နိုင်ဖို့ ခက်ခဲကြောင်း၊ အချိန်ယူရမည် ဖြစ်ကြောင်းနှင့် လူတစ်ဦးချင်း၏ ဝင်ငွေ၊ အလုပ်အကိုင် အခွင့်အလမ်း၊ စီးပွားရေး အခွင့်အလန်း ဖွံ့ဖြိုးလာသည်နှင့်အမျှ ပြည်သူများ အကျိုးခံစားခွင့် ရလာနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

OIC နှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနတို့အကြား ချုပ်ဆိုခဲ့သော စာချုပ်တွင် OIC ရုံးခန်းကို မြန်မာနိုင်ငံ၌ လာရောက်ဖွင့်လှစ်မည့် အချက် လုံးဝ မပါဝင်ကြောင်း၊ လာရောက်ဖွင့်လှစ်မည် ဆိုပါကလည်း ကန့်ကွက်မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က သမ္မတ အိမ်တော်၌ ပြုလုပ်နေသော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော်၌ ပြုလုပ်ခဲ့သော နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ပထမဆုံး အကြိမ် သတင်းစာ ရှင်းလင်းပွဲ ညနေ ၄ နာရီခွဲခန့်တွင် ပြီးဆုံးခဲ့ပြီး အဆိုပါ သတင်းစာ ရှင်းလင်းပွဲသို့ သတင်းထောက် (၁၃၀) ကျော် တက်ရောက် သတင်းရယူခဲ့ပါသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Modern Warfare 3