October 17, 2012

အချိန်မတော်မှပြန်လာသည့် သားဖြစ်သူကို ဖောက်ထွင်းဝိဇ္ဇာထင်ပြီး သေနတ်ဖြင့်ပစ်သတ်



အမေရိကန်နိုင်ငံ ကော်နက်တီကက်ပြည်နယ်ရှိ အမျိုးသားတစ်ဦးသည် နေအိမ်သို့ နံနက် ၁း၀၀ နာရီခန့်တွင် ပြန် လာသည့် သားဖြစ်သူကို ဖောက်ထွင်းဝိဇ္ဇာထင်ပြီး သေနတ်နှင့်မှားယွင်း ပစ်ခတ်မိသောကြောင့် ၎င်း၏ သားဖြစ်သူသည် ထိုနေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ရကြောင်း ပြည်နယ်စုံစမ်းရေးရဲအရာရှိ တစ်ဦးဖြစ်သူ ဂျေပေါလ်ဗန့်က စက်တင်ဘာ ၂၈ ရက်နေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ ၁၅ ၏နှစ် အရွယ်ရှိသားဖြစ်သူ တေလာဂူလီယာနိုသည် သားရေမျက်နှာ ဖုံးတစ်ခု တပ်ဆင်ထားပြီး ညဥ့်နက်ချိန်မှ အိမ်သို့ ပြန်လာခဲ့သဖြင့် ဖခင်ဖြစ်သူက ဖောက်ထွင်း ၀ိဇ္ဇာထင်ပြီး မှားယွင်းပစ်ခတ်မိကြောင်း ဂျေပေါလ်ဗန့်က သတင်းထောက် များအား ပြောကြားခဲ့သည်။ သေနတ်နှင့် ပစ်ခတ်ခဲ့သည့် ဖခင်ဖြစ်သူ၏ အမည်နှင့် သေနက် အမျိုးအစားကိုမူ ဂျေပေါလ်ဗန့်က ထုတ်ဖော်ဖြေကြား ရန် ငြင်းဆိုခဲ့သည်။ အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍ တာဝန်ရှိသူများသည် တေလာ၏ မိသားစုဝင်များအကြောင်း၊ ၎င်း၏ဖုန်းနှင့် ကွန်ပျူတာဖိုင်များကို ဆက်လက်စုံစမ်း စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ထိပ်တန်း လူငယ်ဂီတပညာရှင်များစာရင်းတွင်ဂျက်စတင်ဘီဘာ ထိပ်ဆုံးမှ နေရာယူ


ဗြိတိန် ရုပ်မြင်သံကြားအစီအစဉ် တစ်ခုမှ စစ်တမ်းကောက်ယူမှုအရ အသက် ၂၁ နှစ်အောက် ကမ္ဘာကျော် ဂီတပညာရှင် ၂၁ ဦးစာရင်းတွင် ဂျက်စတင်ဘီဘာသည် ထိပ်ဆုံးမှ ရပ်တည်နေကြောင်း ဖော်ပြလိုက်သည်။ ကမ္ဘာကျော် ခဲ့သော တေးအယ်လ်ဘမ်နှစ်ခုကို ထုတ်လုပ်ပြီးစီးခဲ့သည့် အသက် ၁၈ နှစ်အရွယ် အနုပညာသမား ဂျက်စတင် ဘီဘာသည် ပေါ့ပ်ဂီတလောက တွင် သြဇာလွှမ်းမိုးမှု အရှိဆုံးဖြစ်ကြောင်း သိရသည်။ ဂျက်စတင်ဘီဘာ ၏နောက်တွင် ဒုတိယနေရာ၌ ရပ်တည်နေသူမှာ အမေရိကန် ပေါ့ပ်ဂီတအဖွဲ့လေးတစ်ခုဖြစ်သော အသက် ၁၈ နှစ်မှ ၂၀ ကြားရှိသော One Direction အဖွဲ့ဖြစ်ပြီး တတိယနေရာ၌ ဒယ်မီလိုဘာတိုးက ရပ်တည်နေကြောင်း အဆိုပါ စစ်တမ်း ကဖော်ပြလိုက်သည်။ 

N ကိုင်ရာ၏ တစ်ကိုယ်တော်တေးစီးရီးထွက်ရှိ


အဆိုတော် N ကိုင်ရာ ၏ လေဒီကိုင်ရာ တစ်ကိုယ်တော်တေးစီးရီးထွက်ရှိခြင်းနှင့် စာနယ်ဇင်းအသိပေး ခြင်းအခမ်း အနားကို ၂၂-၉-၂၀၁၂ ရက်က ရန်ကုန်မြို့ရှိ PARKROYAL Hotel တွင်ကျင်းပခဲ့သည်။ အဆိုပါ တေးစီးရီး တွင်တေးရေး ရွှေဂျော်ဂျော်၊ ဇ၀ါ၊R ခိုင်၊ လင်းလင်းနှင့် အောင်ကိုမြင့် တို့က ရေးစပ်ထားပြီး Metal Zone Band ဖြင့် တီးခတ်ထားကြောင်း သိရသည်။ အဆိုပါတေးစီးရီး ကိုနှစ်နှစ်ကြာ ကြိုးစားစီစဉ်ခဲ့ပြီး ပရိသတ် ကြိုက်နှစ် သက်စေမည့် တေးသီချင်းများ ရွေးချယ်သီဆိုထားကြောင်း သိရသည်။ Nကိုင်ရာအနေဖြင့် စုံတွဲခွေအတော် များများသီဆို ထားသော်လည်း ယခုစီးရီးသည် သူ၏ ပထမဆုံးတစ်ကိုယ်တော် စီးရီးဖြစ်ပြီး အဆိုပါတေးစီးရီးကို ၂၂-၉-၂၀၁၂ ရက်မှစတင်၍ The Sun Music မှ ဖြန့်ချီလျက်ရှိကြောင်း သိရသည်။  

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား တရုတ်နိုင်ငံက ဒေါက်တာဘွဲ့ ချီးမြှင့်


တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ Northwest စိုက်ပျိုးရေးနှင့် သစ်တောတက္ကသိုလ် တစ်ခုက ဂုဏ်ထူးဆောင်ပါရဂူ ဒေါက်တာဘွဲ့ ချီးမြှင့်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများမှတစ်ဆင့် ဆင်းရဲနွမ်းပါးမှု ပပျောက်စေရေး ကြိုးပမ်းမှုများတွင် ရှေ့တန်း၌ ပါဝင်ခဲ့သည့်အတွက်  ချီးမြှင့်သည့်ဘွဲ့ဖြစ်ပြီး အဆိုပါ ဒေါက်တာ ဘွဲ့ပေးမည့် အစီအစဉ်ကို မြန်မာနိုင်ငံသမ္မတကြီး ဦးသိန်းစိန်အား ကြိုတင်အသိပေး အကြောင်းကြားထားခြင်း မရှိကြောင်း သိရသည်။ ဆုလက်ခံရယူပြီးနောက် မြန်မာနိုင်ငံသမ္မတက ယခုကဲ့သို့ ဂုဏ်ပြုမှုနှင့် အောင်မြင်မှု ကို မြန်မာပြည်သူများနှင့် အတူမျှဝေခံစားရမည် ဆိုပါက မိမိအတွက် ပိုမိုပြည့်စုံမည်ဖြစ်သည်ဟု ကျေးဇူးတင်စကားတွင် ထည့်သွင်းပြောကြားခဲ့သည်။ 

အိန္ဒိယ၏ ချေးငွေဒေါ်လာ သန်း ၅၀၀ အတွက် EXIM ဘဏ်က မြန်မာတွင် ရုံးခွဲဖွင့်ရန်စီစဉ်မည်



အိန္ဒိယနိုင်ငံမှ EXIM ဘဏ်သည် မြန်မာနိုင်ငံကို အိန္ဒိယအစိုးရက ပေးအပ်မည့် ချေးငွေဒေါ်လာသန်း ၅၀၀ အတွက် ဘဏ်ရုံးခွဲတစ်ခုကိုလာရောက် ဖွင့်လှစ်သွားရန် ရှိနေကြောင်း စက်တင်ဘာလ တတိယပတ်က သတင်း ထုတ်ပြန်လိုက်သည်။ မြန်မာနိုင်ငံကို အိန္ဒိယနိုင်ငံက အမေရိကန်ဒေါ်လာ သန်း ၅၀၀ ချေးငွေပေးရန် နှစ်နိုင်ငံ ခေါင်းဆောင်များ သဘောတူညီထားခဲ့ပြီးနောက် EXIM ကယင်းကဲ့သို့ ချေးငွေကို ပေးအပ်လုပ်ဆောင်ခွင့်ကို အိန္ဒိယအစိုးရထံမှ ရရှိထားခဲ့သည်ဟုသိရသည်။ နိုင်ငံပေါင်း ၁၀ နိုင်ငံတွင် ဘဏ်ခွဲများရှိထားသော အစိုးရ ရှယ်ယာဝင် EXIM ဘဏ်အနေဖြင့် နှစ်ကုန်ပိုင်းတွင် စတင်၍ ဘဏ်ခွဲဖွင့်ခွင့်ရရေး ကြိုးပမ်းသွားမည်ဟုသိရကာ မြန်မာနိုင်ငံက ၂၀၁၃ ခုနှစ်တွင် နိုင်ငံတကာဘဏ်ခွဲများကို ဖွင့်ပေးနိုင်မည့် အလားအလာကြောင့် ယခု နှစ်ကုန်ပိုင်း မှစတင် ပြင်ဆင်မည်ဖြစ်ကြောင်းသိရသည်။ ''အိန္ဒိယကုမ္ပဏီအများစုက ဖက်စပ်ပဲဖြစ်စေ ရင်းနှီးမြှုပ်နှံမှုတွေ သွားရောက်လုပ်ကိုင်ဖို့ တာစူနေကြသလို ကျွန်တော်တို့ဘက်က အဲဒီလုပ်ငန်းစုတွေကို ကူညီပေးဖို့ အဆင်သင့် ရှိနေပါတယ်'' ဟု EXIM ဘဏ်မှ အမှုဆောင်ဒါရိုက်တာ PrabhakarDalal က ပြောကြားသည်။ ဗဟိုဘဏ် မှသတင်းများအရ လတ်တလောတွင် ပြည်ပနိုင်ငံများမှ ဘဏ်ကိုယ် စားလှယ်ရုံးခွဲသာ ဖွင့်ခွင့်ပြုထားသေးကြောင်းနှင့် ၂၀၁၃ တွင်ဖွင့်ပေးနိုင်မည့် အလားအလာရှိနေကြောင်း လည်းသိရသည်။  

မြန်မာပို့ကုန်ပိတ်ပင်မှု အမေရိကန် ရုပ်သိမ်းတော့မည် ကျောက်မျက်၊ ငါး၊ ပုစွန်၊ သစ် ပြန်လည်တင်ပို့နိုင်



ကုလသမဂ္ဂ ထွေထွေညီလာခံတွင် မိန့်ခွန်းပြောရန်အတွက် နယူးယောက်မြို့၌ ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ၀န်ကြီးများသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့်  ၂၆-၉-၂၀၁၂ ရက်က တွေ့ဆုံခဲ့ကြသည်။  ယင်းတွေ့ဆုံမှုမတိုင်မီ သမ္မတဦးသိန်းစိန်သည်  ကမ္ဘာတစ်ဝန်း ပရဟိတလုပ်ငန်းများ  လုပ်ကိုင်နေသော Clinton Global Initaitive အဖွဲ့ဥက္ကဋ္ဌ အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်၊ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဟင်နရီကစ်ဆင်ဂျာ၊ ထိုင်းဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ်တို့နှင့် ယင်းတည်းခိုရာ ဟိုတယ်တွင် တွေ့ဆုံခဲ့ကြသည်။ ယင်းတွေ့ဆုံပွဲ၌ ဟီလာရီကလင်တန်က ''မြန်မာနိုင်ငံ မှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတာတွေကို အသိအမှတ်ပြုပါတယ်။ လူ့အခွင့်အရေး တိုးတက်မှု ရှိလာ တာတွေလည်း ချီးကျူးပါတယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ WorkShop ကြီးတစ်ခုကို အမေရိကန်အစိုးရက ဦးဆောင်ပြီး မြန်မာနိုင်ငံမှာ လာကျင်း ပပေးချင်ပါတယ်'' ဟုပြောကြားသည်။ ထို့ပြင်မြန်မာနိုင်ငံမှ အမေရိ ကန် ပြည်ထောင်စုသို့ ရောင်းချရန် ပိတ်ပင်မှုကိုလည်း ရုပ်သိမ်းပေးမည်ကြောင်း ပြောကြားသွားသည်။ ယင်းသို့ ရုပ်သိမ်းလိုက်လျှင် ကုန်သည်ရေးအရ ပိတ်ဆို့ထားသည့် ကျောက်မျက်၊ ငါး၊ ပုစွန်၊ သစ် တို့ကို အမေရိကန်သို့ ပြန်လည်တင်ပို့ ရာင်းချနိုင်တော့မည် ဖြစ်ကြောင်းသိရသည်။

နှလုံးရောဂါရှိသည့် ရေကူးမယ် အိုလံပစ်ရွှေတံဆိပ်ဆုရရှိ



အသက် ၂၄ နှစ်အရွယ် အမေရိကန်နိုင်ငံမှ ရေကူးမယ်  DanaVollmer ဟာလန်ဒန်အိုလံပစ်ပြိုင်ပွဲ၊ မီတာ၁၀၀ လိပ်ပြာကူးပြိုင်ပွဲမှာ စံချိန်တင်ပြီး ရွှေတံဆိပ်ဆု ရရှိသွားကြောင်း သတင်းရရှိပါတယ်။ သူမဟာ ၅၆ စက္ကန့် ထက် လျော့နည်းပြီး ပန်းဝင်နိုင်တာကြောင့် ကမ္ဘာ့ပထမဆုံး အမြန်ဆုံးလိပ်ပြာကူးမယ် ဖြစ်သွားပါတယ်။ လွန်ခဲ့တဲ့လေးနှစ်က သူမအနေနဲ့ ပေကျင်းအိုလံပစ်ပွဲတော်မှာ  အားကစားအရည်အချင်း မပြည့်ဝတဲ့အပြင် နှလုံးရောဂါ အခြေအနေကြောင့် ပြိုင်ပွဲဝင်ဖို့ စံချိန်မမီခဲ့ပါဘူး။ သူမအသက် ၁၅ နှစ်အရွယ်မှာ လေ့ကျင့်ခန်း ပြု လုပ်ရင်း ခေါင်းမူး တဲ့ဝေဒနာ ခံစားရတာကြောင့် ဆရာဝန်နဲ့ ပြကြည့်ရာမှ သူမမှာနှလုံးရောဂါ ရှိမှန်း သိခဲ့ရပါတယ်။ သူမရဲ့ လုံးခုန်နှုန်းဟာ ပုံမမှန်တာ ဖြစ်နေတာကြောင့် ပြုပြင်ခဲ့ပေမယ့် သူမမှာ မျိုးရိုးလိုက်တဲ့ LongQT Syndrome ခေါ်တဲ့ နှလုံးလျှပ်စီးကြောင်း ပြဿနာဖြစ်နေမှန်း တွေ့ရှိခဲ့ပြီး အဲဒါကြောင့် အချိန်မရွေး ရုတ်တရက် နှလုံးရပ်တန့် သွားနိုင်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဒိုနာနဲ့ သူ့မိသားစုတွေဟာ နှလုံးအတွင်း စက်ပစ္စည်း (Defibrillator) ထည့်ဖို့ ဆုံးဖြတ်ခဲ့ပြီး သူမနဲ့ လက်လှမ်းမီရာမှာလည်း စက်ပစ္စည်း (Defibrillator) တစ်ခုထားကာ ဆက်လက်လေ့ကျင့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူမရဲ့ အသက် ၁၆ နှစ်အရွယ် ၂၀၀၄ ခုနှစ်မှာလည်း မီတာ ၂၀၀ အလွတ်ကူးပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးခဲ့ပါတယ်။ မေရိုးကလင်းနစ်မှ လေ့လာမှုအရ LongQTSyndrome ရှိပေမယ့် အားကစား ဆက်လက်ပြုလုပ်သူ ၁၃၀ ယောက်မှာ တစ်ယောက်သာ ကစားနေ စဉ် နှလုံးပြဿနာဖြစ်ခဲ့တယ်လို့ တွေ့ရှိခဲ့ပါတယ်။

ခြေထောက်မပါသော ဘရာဇီးလူငယ်လေးအား ဘာစီလိုနာမှခေါ်ယူ



ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့မှ အသက်၁၁ နှစ်အရွယ်ရှိ မွေးရာပါခြေနှစ်ဖက်စလုံး ပါမလာ သူ ဂေဘရီ ရယ်လ်မူနက်ဇ်အား ဘာစီလိုနာအသင်းမှ ကလပ်အသင်း လေ့ကျင့်ရေး သင်တန်းများတွင် ခေါ်ယူလေ့ကျင့် ပျိုးထာင်ပေးနေခဲ့ပြီ ဖြစ်သည်။ ပြီးခဲ့သည့်နှစ်က ခြေတောက်အတု အလှူရှင်တစ်ဦးက မူနက်ဇ် အား ခြေတုကိရိယာ လှူဒါန်းခဲ့ပြီးနောက်တွင် မူနက်ဇ် ၀ါသနာပါလှသော ဘောလုံးကစားခြင်းကို စတင် ကစားနိုင်ခဲ့ကာ သူ၏ခန္ဓာ ကိုယ်နှစ်ဆခန့်ရှိသော ကလေးငယ်များနှင့် အပြိုင် ကစားပြနိုင်ခဲ့ သည်။မူနက်ဇ်အနေဖြင့် သူကဲ့သို့ မသန်စွမ်းကလေး ငယ်များအား အခွင့်အလမ်းနှင့် မျှော်လင့်ချက် ရှိနေသေးကြောင်း စံပြအဖြစ် ပြသသွားနိုင်မည်ဟု မူနက်ဇ် ၏ကျောင်းမှ ကာယဆရာ ဟိုဆေး လိုပေးစ်က ပြောဆိုသည်။ ဘရာဇီးနိုင်ငံ၏ လူသိအများဆုံး TVGlobo Network ရုပ်သံလိုင်းတွင်မူ နက်ဇ်ဘောလုံး ကစားပုံကို မြင်တွေ့ပြီးသောအခါ ဘာစီလိုနာအသင်းမှ လာမည့်နွေရာသီတွင် မူနက်ဇ်အား လေ့ကျင့်ရေး အသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းရန် ဘာစီလိုနာမြို့သို့ ဖိတ်ခေါ်ခဲ့သည်။ ဘာစီလိုနာမြို့ရှိ Saquarema အသင်း လေ့ကျင့်ရေးကွင်းသို့ မူနက်ဇ်ရောက်ရှိ လာသောအခါ ဤမျှ ကစားနိုင်လိမ့်မည်ဟု မည်သူမှ မထင်မှတ်ခဲ့သော်လည်း အသင်းမှ ရွယ်တူ ကစားသမားများ နှင့်ဖြစ်စေ ကောင်းစွာယှဉ်ပြိုင် ကစားနိုင်ခဲ့ခြင်းကို အားလုံးက အံ့အား သင့်ခဲ့ကြရသည်။

အီရန်အား အစ္စရေးကတိုက်ခိုက်လျှင် တတိယကမ္ဘာစစ် ဖြစ်လာမည်ဟုဆို


အီရန်နိုင်ငံအား အစ္စရေးနိုင်ငံက ၀င်ရောက်တိုက်ခိုက်ပါက တတိယကမ္ဘာ စစ်ဖြစ်ပွားလာမည်ဖြစ်သည်ဟု အီရန်အစိုးရ အာဏာပိုင်များက ပြီးခဲ့သည့်စက်တင်ဘာလ ၂၃ရက်နေ့ကပြောဆိုခဲ့သည်။ အစ္စရေးနိုင်ငံအနေဖြင့် အီရန်နိုင်ငံအ တွင်းသို့ ကျူးကျော်တိုက်ခိုက်လာပါက တတိယကမ္ဘာစစ်ကို စတင်မီးမွှေးသကဲ့သို့ ဖြစ်စေရမည်ဟု အီရန်လေကြောင်း ဗိုလ်ချုပ်ကြီး အာမီယာအလီဟာဂျီဇာဒက်က နိုင်ငံပိုင်အသံလွှင့်ဌာနသို့ ပြောကြားခဲ့ သည်။ အဆိုပါဗိုလ်ချုပ်ကြီးမှာ အီရန်နိုင်ငံ၏ အထင်ကရအဖွဲ့အစည်းဖြစ်သော အီရန်အစ္စလာမ်မစ် တော်လှန်ရေး အစောင့်စစ်သည်အဖွဲ့ (IRGC)မှ အကြီးတန်းအဖွဲ့ဝင် တစ်ဦးလည်းဖြစ်သည်။ပြီးခဲ့သည့်သုံးရက်ခန့်က အစ္စရေးနိုင်ငံမှ အီရန်နိုင်ငံ၏ နျူကလီး ယားစက်ရုံများကို ၀င်ရောက်ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက်တွင် ယခုကဲ့သို့ အီရန်ဘက်မှ တုံ့ပြန်ပြော ဆိုခဲ့ခြင်းဖြစ်သည်။ 

ဂရိအနေဖြင့် ဖြူစင်ရိုးသားရန် လိုအပ်ကြောင်း ဂျာမနီအဓိပတိမှ ပြောကြား



ဂရိနိုင်ငံအနေနဲ့ သူတို့ရဲ့ ဘဏ္ဌာရေးအခြေအနေကို ဝန်ခံသင့်ပါတယ်။ ကျွန်တော်တို့ ဂရိတို့ကို အချိန်တွေ အများကြီးပေးခဲ့ပါတယ်။ ကျွန်တော်တို့ ဂရိအစိုးရကို အကျပ်မကိုင်ဘူး။ ရေရှည်မှာတစ်စုံတစ်ရာ ဝင်ရောက်  စွက်ဖက်ဖို့လည်း ရည်ရွယ်ချက်မရှိပါဘူးဟူ၍ ဂျာမနီနိုင်ငံမှ အဓိပတိ၏ ဒီမိုကရက်တစ် ကိုယ်စား လှယ်နှင့် ပြောရေးဆိုခွင့်ရှိသူ ပီယာစတိန်းဘက်က ပြောဆိုခဲ့သည်။ဂရိနိုင်ငံ၏ စီးပွားရေးအကျပ်အတည်း များကို အကြောင်းပြကာ ငွေကြေးထောက်ပံ့ပေးရန် ဂျာမနီအစိုးရသို့ ဂရိနိုင်ငံအစိုးရ ယူရို၃၁ဘီလျံ ထောက်ပံ့ရန်အတွက် EUနှင့်IMF ထောက်ခံအားပေးမှုကို ရရှိရန် လိုအပ်ခဲ့ခြင်းဖြစ်သည်။ ဂျာမနီအဓိပတိ အန်ဂျလာမာကယ်က ဂရိဘဏ္ဍာရေးအကျပ်အတည်းနှင့် ပတ်သက်၍ ဂရိအစိုးရမှာ ဖြူစင်ရိုးသားစွာ ရှင်းလင်းတင်ပြန်ရန် လိုအပ်ပြီး ထို့မှသာ နောက်ထပ် ခုနစ်နှစ်၊ ရှစ်နှစ်ကြာရေရှည် အကူအညီများ မိမိတို့ထံမှရရှိမည်ဖြစ်ကြောင်း ယခုသီ တင်းပတ်အကုန်က ဂရိအစိုးရသို့ အတိအလင်းပြောကြားခဲ့သည်။

ကမ္ဘာ့အကြီးဆုံး ကော်ဇောကြီးအား မကြာမီ လေလံတင်ရောင်းချမည်



ခရစ်ကတ် ကစားကွင်းတစ်ခုထက်ပင် ပိုမိုရှည်လျားသော ၃၇ ပေအရှည်ရှိသည့် ကမ္ဘာ့အကြီးဆုံး ဧရာမကော်ဇော ကြီးကို အောက်တိုဘာ ၁၀ ရက်နေ့တွင် စတင်၍ လေလံတင်ရောင်းချမည်ဖြစ်ကြောင်း စက်တင်ဘာ ၂၆ ရက် သတင်းတစ်ရပ်အရ သိရှိရသည်။ အဆိုပါပါရှန်ဒေသ(အီရန်မြောက်ပိုင်းနှင့် အဇာဘိုင်ဂျန်နယ်စပ်)တွင် လွန်ခဲ့သည့် နှစ်၄၀ကျော်က ရက်လုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါကော်ဇောကို ယခုအခါ လန်ဒန်မြို့သားဖြစ်သူ မက်ခ်ဒန့်စ်က ပိုင်ဆိုင်ပြီး မကြာမီ လေလံတင်ရောင်းချမည် ဖြစ်ကြောင်းသိရသည်။ ယင်းကော်ဇောသည် ပေ ၂၀၀ ပတ်လည်ရှိ အခန်းကို အပြည့်ခင်းပေးနိုင်မည်ဖြစ်ပြီး ကြမ်းခင်းဈေးအဖြစ် အမေရိကန်ဒေါ်လာ ၃၂၀၀၀ ကျော်ဖြင့် သတ် မှတ် ရောင်းချသွားမည်ဖြစ်ကြောင်း မက်ခ်ဒန့်စ်က ပြောကြားသွားခဲ့ကြောင်း သိရှိရသည်။

လထက် ၁၅ ဆ မက တောက်ပသည့် ကြယ်တံခွန်တစ်စင်း ကမ္ဘာမြေအနီးမှ ဖြတ်သန်းသွားမည်


၂၀၁၃ ခုနှစ်တွင် လထက်၁၅ဆမက တောက်ပသည့် ကြယ်တံခွန်ကြီးတစ်စင်း ကမ္ဘာမြေအနီးမှ ဖြတ်သန်းသွားမည်ဟု ရုရှနိုင်ငံမှ နက္ခတ္တဗေဒပညာရှင်များက တွက်ဆထားကြသည်။ အဆိုပါ ISON ကြယ်တံခွန်ကြီးသည် ၁၉၉၇ ခုနှစ်တုန်းက ကမ္ဘာမြေအနီးမှ ဖြတ်သန်းခဲ့ဖူးသော ဟေလီကြယ်တံခွန်ကြီးနှင့် အလားသဏ္ဌာန်တူညီသည်။ ယင်းကြယ်တံခွန်များကို ဆယ်စုနှစ်ပေါင်းများစွာကြာမှ ပြန်လည်တွေ့မြင်ရနိုင်သည်ဟု နက္ခပညာရှင် အမွန်ဟေလီက တွက်ဆခဲ့သည်။ ယင်းကြယ်တံခွန်ကြီး၏ ထူးခြားချက်မှာ ယင်းကို ၂၀၁၃ ခုနှစ်တွင် ကမ္ဘာမြေမှ နေ့ရော ညပါ မြင်ရမည်ဟုဆိုသည်။ ယင်းကြယ်တံခွန်ကြီးမှာနေမှ မိုင်ပေါင်း နှစ်သန်းအကွာတွင် လှည့်ပတ်နေသည်။ 

ကန်ဒေါ်လာ သန်း၁၂၀ တန်ကြေးရှိသော 'အော်သံ' ပန်းချီကား ကို နယူးယောက်ပြတိုက် ၌ပြသ



၂၀ ရာစုနှစ်၏ စိတ်ခံစားမှု အနုပညာလောကတွင် သြဇာတိက္ကမအကြီးဆုံးဖြစ်သူ အတ်ဗာ့ဒ်မန့်ခ်ျ၏ ကမ္ဘာကျော် လက်ရာတစ်ခုဖြစ်သော တန်ဖိုးအမေရိကန် ဒေါ်လာသန်း၁၂၀ရှိသည့် အော်သံ (TheScream) ပန်းချီကားကို နယူးယောက်မြို့ရှိ ခေတ်ဆန်းအနုပညာပြတိုက်၌ ခြောက်လတိုင်တိုင် ပြသထားမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၈ ရက်နေ့တွင် ပြတိုက်မှူးကပြောကြားလိုက်သည်။ ၁၈၉၃ခုနှစ်မှ ၁၉၁၀ပြည့်နှစ်အတွင်း မန့်ခ်ျသည် အော်သံပန်းချီ ကားကို မူလေးမျိုးဖြင့် ဖန်တီးရေးဆွဲခဲ့သည် ဟုသိရသည်။ ၁၈၉၅ခုနှစ်၌ ရေးဆွဲခဲ့သော သူ၏နာမည် အကျော်ကြား ဆုံးဖြစ်သည့် အော်သံဟု အမည်ပေးထားသည့် ပန်းချီကားကို ကမ္ဘာ့သန်းကြွယ်သူဌေး တစ်ဦးဖြစ်သူ အမေရိကန် နိုင်ငံသား လီယွန်ဘလက်က လေလံပြပွဲ၌ ၀ယ်ယူခဲ့ သည်ဟုသိရသည်။ မန့်ခ်ျ၏ အနုပညာ လက်ရာအချို့ ကို နော်ဝေအနုပညာပြတိုက်၌ ယနေ့တိုင်ထား ရှိထားသည် ဟုသိရသည်။

သမ္မတဦးသိန်းစိန် အမေရိကန်စီးပွားရေး အသိုင်းအ၀ိုင်းနှင့် တွေ့ဆုံဆွေးနွေး



ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် စက်တင်ဘာလ ၂၇ရက်တွင် အမေရိ ကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ ရုံး၌ အမေရိကန်-အာဆီယံ စီး ပွားရေးကောင်စီ ဥက္ကဋ္ဌနှင့် အမေရိကန် ကုန်သည်ကြီးများအသင်းမှ အသင်းဝင်များ တွေ့ဆုံခဲ့သည်။ ယင်းတွေ့ဆုံပွဲ တွင် သွားရောက်သတင်းယူသော ဗွီအိုအေမြန်မာပိုင်း အစီအစဉ်ဌာနမှူး ဦးသန်းလွင်ထွန်း ၏ မေးမြန်းမှုများ ကို ကောက်နှုတ် ဖော်ပြအပ်ပါသည်။ ယင်းအစည်းအဝေးတွင် နိုင်ငံတော်သမ္မတက စီးပွားရေးနှင့် ပတ်သက်ပြီး ပြောကြားရာ၌ ''တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ အခွင့်အလမ်းရှိလာပါပြီ။ ပြုပြင်ပြောင်းလဲမှုတွေဟာ နိုင်ငံရေး ဘက်မှာရော စီးပွားရေး ဘက်မှာပါ ပြောင်းလဲဖို့ လိုပါတယ်။ ပြိုင်တူပြောင်းပါမှ ရေရှည်ခံ ပါမယ်။ ပြောင်း လဲမှုတွေကို နောက်မဆုတ်တမ်း လုပ်သွားပါမယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေး အခွင့်အလမ်းတွေဟာ အရင်တုန်းက နီးစပ်တဲ့ လူနည်းစု အသိုင်းအ၀ိုင်းတွေပဲ ရတဲ့အခြေအနေရှိခဲ့တယ်။ တပ်မတော်ကပဲ ကြီးစိုးပြီး ချုပ်ကိုင် ထားတဲ့ စီးပွားရေး သဘောမျိုးတွေဖြစ်နေတယ်။ အခုချိန်မှာ စီးပွားရေးမှာ နိုင်ငံသားတိုင်းဟာ အခြေခံဥပဒေက ခွင့်ပြုထားတဲ့အတိုင်း ကိုယ်စွမ်းရှိသလောက် လုပ်ပိုင်ခွင့်ရတဲ့ စီးပွားရေးမျိုး ဖြစ်လာစေရမယ်။ နိုင်ငံခြားသားတွေက လည်း လာရောက် ရင်းနှီးမြှုပ်နှံမှုတွေ ရှိလာပြီး ဒီကလုပ်ငန်းရှင်တွေနဲ့ ပေါင်းစပ်ပြီး ယုံကြည်မှုရှိလာနိုင်တဲ့ စီးပွားရေး အခြေအနေမျိုးဖြစ်အောင် ဖန်တီးပေးမယ်' ဟုပြောသည်။ ၀န်ကြီးများအပြောင်းအလဲနှင့် ပတ်သက်၍ 'အရင်တုန်းက ၀န်ကြီးဌာနနှစ်ခုနဲ့ ဆက်ဆံ နေရာကနေ အခု ၀န်ကြီးဌာန တစ်ခုတည်း လုပ်တဲ့အတွက် ဆက်သွယ်ရတဲ့ လုပ်ငန်း ကိုင်ငန်းတွေ ပိုမိုချောမွေ့လာအောင် စီစဉ်ပေးမယ်ဟု ပြောကြားသွားကြောင်း သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် ၀င်ငွေနည်းသူ ပြည်သူများအတွက် အခန်းပေါင်း ၁၁၀၀၀ ပါဝင်သော အိမ်ရာစီမံကိန်းကို အရစ်ကျစနစ်ဖြင့် ရောင်းမည်



ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် ၀င်ငွေနည်းသော ပြည်သူများအတွက် တန်ဖိုးနည်းအိမ်ရာ စီမံကိန်း များ ဖော်ဆောင်လျက်ရှိပြီး ယင်းစီမံကိန်းများ အကောင်အထည်ပေါ်လာပါက အရစ်ကျပေးချေစနစ်ဖြင့် ရောင်း ချပေးနိုင်ရန်အတွက် စီစဉ်လျက်ရှိကြောင်း စည်ပင်သာယာဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ မြို့တော်ဝန် ဦးလှမြင့်က ၂၇-၉-၂၀၁၂ရက်၌ ကျင်းပသော ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ပထမနေ့တွင် ပြောကြားခဲ့သည်။ ''ဒဂုံမြို့သစ်မြောက်ပိုင်း ၄၂ ရပ်ကွက်၊ ဗိုလ်မင်းရောင် လမ်းမပေါ်မှာ တန်ဖိုးနည်း အိမ်ရာစီမံကိန်းကို ပြင်ဆင်ဆောင်ရွက်နေပါပြီ။ ဒါပေမယ့်စီမံကိန်းနေရာက မိုးရွာရင်ရေနစ်မြုပ်တဲ့အတွက် အခုဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ၄၈ရပ်ကွက်၊ ဗိုလ်ဗထူးလမ်းပေါ်ရှိ မြေဧရိယာ၁၁ဧကပေါ်မှာ အိမ်ခန်းပေါင်း ၁၁၀၀၀ ဆောက်လုပ်နိုင်ပြီး ဆောက်လုပ်ရန်ပြင်ဆင် ဆောင်ရွက်နေပါပြီဟု ယင်းကဆိုသည်။ ဆက်လက်၍ ယင်းက ''အိမ်ယာစီမံကိန်းမှာ ပါဝင်တဲ့ အိမ်ခန်းများကို ၀င်ငွေနည်းသည် ပြည်သူများကို ရောင်းချပေးရန် စီစဉ်ဆောင် ရွက်ခြင်း ဖြစ်တဲ့အတွက် အရစ်ကျပေးချေ ရမယ့်ပမာဏ၊ အပြီးသတ်ငွေပေးချေရမယ့် ပမာဏနဲ့ ပေးချေရမယ့် အိမ်ယာတန်ဖိုးအစရှိတာတွေကို ကျော်ညီအောင် စီစဉ်ဆောင်ရွက်ပေး ရဦးမှာဖြစ်ပါတယ်။ ဘယ်ကုမ္ပဏီ ကို ရွေးချယ်တာဝန်ပေး အပ်ထားတယ်။ ဦးစားပေးအဆင့် သတ်မှတ်ထားတာတွေ မရှိပါဘူး''ဟု ထပ်မံပြောကြားသည်။

မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှ အကယ်ဒမီထူးချွန်ဆုကို ၂၀၁၄ မှစ၍ တာဝန်ယူပေးအပ်သွားမည်



မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှ အကယ်ဒမီ ထူးချွန်ဆုများကို ၂၀၁၄ခုနှစ်မှစ၍ တာဝန်ယူပေး အပ်သွား မည် ဖြစ်ကြောင်း သိရသည်။ အကယ်ဒမီ ထူးချွန်ဆုကို ၂၀၁၁ခုနှစ်နဲ့ ၂၀၁၂ခုနှစ် အတွက်ကတော့ မြန်မာ့ ရုပ်ရှင်လုပ်ငန်း ကနေ တာဝန်ယူပေးအပ်သွားမှာ ဖြစ်ပြီးတော့ ၂၀၁၃ခုနှစ်မှာ ပြသတဲ့ ကားတွေအတွက် အကယ်ဒမီ ထူးချွန်ဆုပေးပွဲကို ၂၀၁၄ကစပြီး မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးက တာဝန်ယူပေးအပ်သွားမှာပါ။ အကယ်ဒမီ ထူးချွန်ဆုတွေကို ၀ါရင့်သမ္ဘာရင့် အနုပညာရှင်ကြီးတွေက အကဲဖြတ်ပြီး ပေးအပ်သွားပါမယ်'ဟု မြန်မာ နိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဦးဇင်ဝိုင်းက ပြောကြားသည်။ ယခုကဲ့သို့ ၂၀၁၄ခုနှစ်မှစ၍ အကယ်ဒမီ ထူးချွန်ဆုပေး ပွဲကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ တာဝန်ယူပေး အပ်ခြင်းမှာ အကယ်ဒမီဆုကို ဆုပေး၊ ဒဏ်ပေး စနစ်ဖြင့် ပေးအပ်သည့် ဆုတစ်ဆုဖြစ်လာခဲ့ခြင်း ကြောင့်ဖြစ်ကြောင်း၊ ထို့ပြင် အကယ်ဒမီဆုပေးရာတွင် ပုဂ္ဂိုလ်ရေး၊ နိုင်ငံရေးခံယူချက်များဖြင့် တိုင်းတာလာခဲ့ပြီး နိုင်ငံတော်ကပေးသည့် ရည်ရွယ်ချက်နှင့် ရုပ်ရှင်လောက သားများ ၏ မျှော်လင့်ချက်များ ကွာခြား လာခြင်းကြောင့်ဖြစ်ကြောင်း၊ ထို့ကြောင့် ရုပ်ရှင်လောကသားများ စုပေါင်းပြီး အကယ်ဒမီဆုကို ၀ါရင့် အနုပညာရှင်များက ရွေးချယ်ပေးအပ်ရန် တင်ပြခဲ့ရာ ရရှိခဲ့ကြောင်း၊သို့သော်၂၀၁၁-၂၀၁၂တွင် အကယ်ဒ မီဆုပေးပွဲကို တာဝန်ယူပေးအပ်ရန် ပြင်ဆင်ချိန် မရခဲ့ခြင်းကြောင့် ၂၀၁၄မှသာစ၍ ပေးအပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ အလှဆုံး အမျိုးသမီးဖြစ်သူ ဘီယွန်စေး အသက် ၃၁ နှစ်ပြည့်ပြီ


ထင်ပေါ်ကျော်ကြားသူများ၏ ဇာတ်လမ်းများကိုအဓိကဖော်ပြသည့် အမေရိကန်နိုင်ငံထုတ် People မဂ္ဂဇင်းက ၂၀၁၂ ခုနှစ်၏ အလှဆုံးအမျိုးသမီးအဖြစ် သတ်မှတ်ခံရသူ အဆိုတော်ဘီယွန်းဆေးသည် စက်တင်ဘာ ၄ ရက်နေ့က အသက် ၃၁ နှစ် ပြည်သွားပြီဟုသိရသည်။ ဘီယွန်းဆေး၏ မိသားစုဝင်များက ထိုနေ့တွင် သူမထံသို့ လက်ရေးဖြင့်ရေးသားထားသော မွေးနေ့ဆုမွန်ကောင်း သ၀ဏ်လွှာများကိုပေးပို့ခဲ့သည်ဟုသိရသည်။ သူမသည် ယခုအခါ သူမ၏ခင်ပွန်းဖြစ်သူ ဂျေဇီနှင့် ချစ်လှစွာသောသမီးလေးဘလူးအိုင်ပီကာတာတို့နှင့် ပျော်ရွှင်စွာနေ ထိုင်လျက် ရှိကြောင်းသိရသည်။ People မဂ္ဂဇင်းက သူမအား ၂၀၁၂ ခု ၏ အလှဆုံးအမျိုးသမီးအဖြစ် ဧပြီလက သတ်မှတ်လိုက်စဉ်က သူမသည် သမီးလေးကိုမွေးဖွားပြီးနောက် အရင်ကထက်ပိုလှလာသည်ဟု ခံစားပြီး ရကြောင်းပြောပြီး ကမ္ဘာပေါ်တွင်နေထိုင်ရသည်မှာ အရင်ကထက်ပို၍ အဓိပ္ပာယ်ပိုရှိလာသည်ဟုပြောကြားခဲ့ဖူးသည်။ ယခုအခါ သူမက နံပါတ်(၄) သည် သူမဘ၀အတွက် အလွန်အဓိပ္ပာယ်ရှိကြောင်းနှင့် သူမကို စက်တင်ဘာ ၄ ရက်နေ့ တွင်မွေးပြီး ဧပြီ ၄ရက်နေ့တွင် အိမ်ထောင်ကျခဲ့သည်ဟု သူမ၏ မွေးနေ့တွင် ပြောကြားလိုက်သည်။  

မြန်မာဗီဒီယိုအခွေငှားဆိုင်များကို တစ်နှစ်လျှင် အခွေ ၀ယ်ယူခွင့် ၂၅ ရာခိုင်နှုန်းထိ လျှော့ချပေး


မြန်မာဗီဒီယိုဇာတ်ကားများ ငှားရမ်းပြသသော ဗီစီဒီအခွေငှားဆိုင်များအတွက် အခွေဝယ်ယူခြင်းအား ၂၅ ရာခိုင် နှုန်းအထိလျှော့ချထားပေးကြောင်းကို မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ၄-၉-၂၀၁၂ ရက်တွင်ပြော ကြားသည်။ ယင်းကဲ့သို့ အခွေဝယ်ယူခြင်းများ လျှော့ချမှုအပေါ် ဥက္ကဋ္ဌဦးဇင်ဝိုင်းက ''အရ င်ကအခွေငှား ဆိုင်တစ်ဆိုင် ကို တစ်နှစ်လုံးရဲ့ ထုတ်လုပ်ဖြန့်ဖြူး သမျှမြန်မာဗီဒီယို ဇာတ်ကားတွေရဲ့ ၄၀ ရာခိုင်နှုန်း ၀ယ်ယူရတယ်။ အခု ၂၅ ရာခိုင်နှုန်းအထိပဲ ၀ယ်ယူဖို့လျှော့ချလိုက်တာပေါ့ ''ဟုပြော ကြားသည်။ အခွေငှားဆိုင်များက သတ်မှတ် ရာခိုင်နှုန်းပြည့် မီအောင် မ၀ယ်ယူသည့်အခွေဆိုင်များကို လိုင်စင်သက်တမ်း တိုးမြှင့်ခွင့် မရရှိခြင်းအပြင် အခွေငှားဆိုင်များ အတွက်လည်း သတ်မှတ်ရာနှုန်း ပြည့်မီအောင် ၀ယ်ယူရာ၌ အခက်အခဲများ ရှိခြင်းကြောင့် ယခုကဲ့သို့ လျှော့ချ လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ဆက်လက်၍ ''တစ်လမှာ ဇာတ်လမ်း ၂၀ လောက်ပဲ ၀ယ်ရတော့တာပါ။ ဒီလိုလျှော့ ချ ဖို့ကိုလည်း ကျွန်တော်တို့ ရုပ်ရှင်အစည်းအရုံးကပဲ လုပ်ခဲ့ရတာ။ လိုင်စင်သက်တမ်း တိုးမြှင့်တဲ့ ကိစ္စ ကိုတော့ ပြန်ကြားရေးကပဲ ချပေးတာပါ'' ဟု ယင်းကပြောကြားသည်။ အခွေငှားဆိုင်တစ်ဆိုင်၌ တစ်လလျှင်မြန်မာ ဗီဒီယို ဇာတ်ကား ၂၀ ခန့်မှ မ၀ယ်ယူဘဲ အခွေငှားဆိုင်ဖွင့်သည်မှာ အဓိပ္ပာယ်မရှိနိုင်ကြောင်း၊ မည်သည့် အခွေငှား ဆိုင်မဆို တစ်လလျှင် အခွေ ၂၀ ခန့် ၀ယ်ယူရန်မခက်ခဲသင့်ကြောင်း ယင်းက ပြောပြခဲ့သည်။

ဥရောပချန်ပီယံပွဲမှာ ဘောလုံးကိုသာမက လူကိုပါကန်လာကြ



ပိုလန်နိုင်ငံ၊ ၀ါဆောမြို့ရှိ ပိုလန် အမျိုးသား အားကကစားကွင်းမှာ ဇွန်လ၁၂ရက်က ဆင်နွှဲခဲ့သည့် ဥရောပချန်ပီယံပွဲမှာ ပိုလန်နှင့် ရုရှားပရိသတ်များအကြား လူမျိုးရေး အားပေးမှုများကြောင့် အချင်းများခဲ့ကြ၍ ဘောလုံးကွင်းမှာသာမက လမ်းမများ တစ်လျှောက်မှာပါ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည်။ အမှုဖြစ်ရသည့် အဓိက အကြောင်းရင်းမှာ ရုရှားဘောလုံး သမားများအား ရုရှားပရိသတ်များက ရုရှားကွဟု သံပြိုင်အော်ကာ ကြွေးကြော အားပေးခဲ့သောကြောင့် ပိုလန် ပရိသတ်များက ရုရှားပရိသတ် ထောင်ပေါင်းများစွာအား အကြမ်းဖက် တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။ ယခုအခါ ယင်းအမှုမှာ ဦးဆောင်ပါဝင်သူ ပိုလန်နိုင်ငံသား ၁၅၆ ဦးနှင့် ရုရှားနိုင်ငံသား ၂၄ ဦးကို ရဲတပ်ဖွဲ့ဝင် ၅၆၀၀ခန့်က ဖမ်းဆီး ထိမ်းသိမ်းထားလိုက်ကြသည်။ ယင်းအမှုဖြစ်ပွားချိန်မှာ အကြမ်းဖက်သူများအား မျက်ရည်ယိုဗုံးများ နှင့် ရော်ဘာ ကျည်ဆန်များဖြင့် တားဆီခဲ့ရသည့် လုံထိန်းများပါ ပရိသတ်များနှင့်အတူ တိုက်ခိုက်ခံခဲ့ရသောကြောင့်  ရဲတပ်ဖွဲ့ဝင် ဆယ်ဦးနှင့် ပရိသတ်ဆယ်ဦးမှာ ဒဏ်ရာများ ပြင်းထန်စွာ ရရှိသွားကြသည်။ ယင်းပွဲစဉ်၏ ရလဒ်မှာလည်း ပိုလန်နှင့် ရုရှား တစ်ဖက်တစ်ဂိုးစီဖြင့်သာ အဆုံးသတ်သွားခဲ့သည်။

မသန်စွမ်းတွေက လက်စွမ်းပြလိုက်တဲ့ မသန်စွမ်းအားကစားပွဲ



လန်ဒန်အိုလံပစ် အားကစားပွဲတော်ကြီးကို နွှဲပျော်ပြီးလို့ သိပ်မကြာခင်မှာပဲ အိုလံပစ်ကော်မတီက မသန်စွမ်း အားကစားပွဲတော်ကို နွှဲပျော်နေပါပြီ။ ဒီပွဲတော်ကို အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှာ သြဂုတ်လ၊ ၂၉ ရက်ကနေ စက်တင်ဘာလ ၉ ရက်အထိ ခမ်းနားသိုက်မြိုက်စွာ ဆင်ယင် ကျင်းပမှာပါ။ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းနဲ့ ဇနီးဆမန်သာ ကင်မရွန်း၊ မင်းသားဝီလျံနဲ့ ဇနီး ကိတ်မစ်ဒယ်တန် တို့လို နာမည်ကျော်တွေ ကလည်း ဒီပွဲကို တက်ရောက် အားပေးခဲ့ပါတယ်။ တစ်ချိန်တည်းမှာ ပရိသတ်ပေါင်း ၁သန်းကျော်ကလည်း ဒီပွဲကို စောင့်ကြည့် အားပေးနေပါသေးတယ်။ ဒီပွဲတော်မှာ ၁၆၄ နိုင်ငံက အားကစားသမား ၄၃၀၀ ခန့်က ပါဝင်ယှဉ်ပြိုင်ကြမှာ ဆိုတော့ ယူကေမှာ အားကစားနည်းမျိုးစုံ ပါဝင်တဲ့ ဒုတိယမြောက် အခမ်းနားဆုံး ပွဲကြီးလည်း ဖြစ်နေပါတယ်။

AIDS ရောဂါရှိသူများတွင် အစာမျိုပြွန်နှင့် အစာအိမ်ကင်ဆာ ဖြစ်နိုင်ခြေမြင့်မား



AIDS ရောဂါရှိသူတွေမှာ အစာမျိုပြွန်နှင့် အစာအိမ်ကင်ဆာဖြစ်နိုင်ခြေ မြင့်မားသလို Non-Hodgkin Lymphoma (NHLs) ရောဂါလည်း ဖြစ်နိုင်ခြေမြင့်မားကြောင်း လေ့လာမှုအသစ်အရ တွေ့ရှိခဲ့ပါတယ်။ ယခုနောက်ပိုင်း မှာ ဆေးကုထုံးတွေ တိုးတက်လာတာကြောင့် အေအိုင်ဒီအက်စ် ရောဂါရှင်တွေဟာ အသက်ရှည်ရှည် နေနိုင်ပြီလို့ သိရပါတယ်။ ဒါပေမယ့် အမျိုးသားကင်ဆာ တက္ကသိုလ်မှ လေ့လာမှုအရ အေအိုင်ဒီအက်စ်လူနာတွေဟာ သာမန်လူတွေထက် အစာမျိုပြွန်ကင်ဆာ ဖြစ်နိုင်ခြေ၆၉ရာခိုင်နှုန်းနဲ့ အစာအိမ်ကင်ဆာဖြစ်နိုင်ခြေ ၄၄ရာခိုင်နှုန်း ပိုမိုမြင့်မားကြောင်း တွေ့ရှိခဲ့ပါတယ်။
H.Pylori ဘက်တီးရီးယားဟာ အစာအိမ်ကင်ဆာ ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတစ်ခုဖြစ်ပြီး အေအိုင်ဒီအက်စ် ရောဂါ ရှိသူတွေမှာ ခုခံအားနည်းတာကြောင့် ရောဂါပိုးဝင်ရောက်နိုင်ခြေ မြင့်မားပြီး ကင်ဆာဖြစ်နိုင်ခြေများတယ်လို့ သုတေသီတွေက မှတ်ချက်ချပါတယ်။ ဒါ့အပြင် အေအိုင်ဒီအက်စ် ရောဂါရှင်တွေဟာ အရက်နဲ့ဆေးလိပ်ကို မကြာခဏ သောက်သုံးကြတာကြောင့် ကင်ဆာဖြစ်နိုင်ခြေ မြင့်တက်နိုင်တယ်လို့လည်း ဆိုပါတယ်။ လူတွေရဲ့ အရိုးစုစနစ်မှာ အရိုးအဆစ်နဲ့ ကျောရိုးတွေပါဝင်တဲ့အပြင် ဦးနှောက်နဲ့ ဗဟိုအာရုံကြောစနစ်တွေရဲ့ လုပ်ငန်းတွေနဲ့ ဆက်စပ်နေပါတယ်။ ခန္ဓာကိုယ်အလေးချိန်နဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ထားတဲ့ ကိုယ်တွင်းအင်္ဂါတွေကို အချက်ပြတဲ့ဟော်မုန်း ထုတ်လုပ်ဖို့ကိုလည်း အရိုးစုစနစ်က တာဝန်ယူရပါတယ်။
လေ့လာမှုအရ Adiponectin အဆင့် မြင့်မားရင် အရိုးစုတွေ ကျိုးလွယ်တဲ့အပြင် ခန္ဓာကိုယ်ရဲ့ ကြွက်သားစနစ် လုပ်ငန်းတွေလည်း ထိခိုက်မှုရှိလာတယ်လို့ တွေ့ရှိခဲ့ပါတယ်။ြွကက်သားထုတွေ ဆုံးရှုံးသွားတာကြောင့် လိမ့်ကျပြီး အရိုးကျိုးနိုင်တဲ့ အန္တရာယ်များသွားတယ်လို့ဆိုပါတယ်။

ကင်ဆာကြောင့် သေဆုံးနိုင်ခြေ ကျဆင်းလာ



ကင်ဆာရောဂါအမျိုးမျိုးကြောင့် သေဆုံးနိုင်ခြေဟာ ၂၀၃၀ပြည့်နှစ်ကျရင် သိသိသာသာ ကျဆင်းသွားမယ်လို့ အင်္ဂလန်နိုင်ငံ ကင်ဆာသုတေသနဌာနမှ ထုတ်ဖော်လိုက်ပါတယ်။ ဆေးလိပ်သောက် သုံးသူနည်းသွား တဲ့အပြင် ရောဂါ ရှာဖွေတာနဲ့ ကုသရာမှာ တိုးတက်မှုရှိတာကြောင့် သေဆုံးနှုန်း ၁၇ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။ ၂၀၁၀ ပြည့်နှစ် အတွင်း အင်္ဂလန်နိုင်ငံမှ လူပေါင်းတစ်သိန်းမှာ ၁၇၀ယောက်ဟာ ကင်ဆာရောဂါကြောင့် သေဆုံးကြပြီး အခုနောက်ပိုင်း လူတစ်သိန်းမှာ ၁၄၂ယောက်လောက်သာ သေဆုံးမယ်လို့ ခန့်မှန်းထားကြပါတယ်။ အဆုတ်၊ သားမြတ်၊ အူမကြီးနဲ့ ဆီးကျိတ်ကင်ဆာကြောင့် သေဆုံးတာ အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ မမျိုးဥ အိမ်ကင် ဆာကြောင့် သေဆုံးနှုန်း ၄၂ရာခိုင်နှုန်းထိ ကျဆင်းဖို့ မျှော်မှန်းထားကြောင်း သိရပါတယ်။ ကင်ဆာသုတေသနဌာနမှ နှစ်စဉ်လူပေါင်း ၅၀၀၀ကျော်ရဲ့အသက်ကို ကာကွယ်ဖို့ မျှော်မှန်းထားကြောင်း သိရပါတယ်။

ဓာတ်တိုး ဆန့်ကျင်ပစ္စည်းများက သက်ကြီးအမျိုးသားများ၏ သုက်ပိုးအရည်အသွေးကို ကောင်းမွန်စေနိုင်



ခရမ်းချဉ်သီးနဲ့ အစိမ်းရောင် ပန်းဂေါ်ဖီ (ဘရိုကိုလီ)လိုမျိုး ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်မှု များပြားတဲ့ အစာတွေကို စားသုံးတဲ့အသက်ကြီး အမျိုးသားတွေမှာ အဲဒီအစာတွေကို မစားသူတွေထက် သုက်ပိုးအရည်အသွေး ပိုမိုကောင်းမွန် နိုင်ကြောင်း အမေရိကန်မှ လေ့လာမှုအရ တွေ့ရှိခဲ့ပါတယ်။ ဗီတာမင်စီနဲ့ အီး၊ ဖောလိတ်နဲ့ သွပ်ဓာတ်များစွာရရှိတဲ့ အသက်၄၅နှစ် ထက်ကြီးသူတွေရဲ့ သုက်ပိုးမှာ ဒီအင်အေအမျှင် ပျက်စီးမှုနည်းပါးကြောင်း သုတေသီတွေတွေ့ရှိခဲ့တာကို မျိုးပွား ခြင်းဆိုင်ရာဂျာနယ်မှာ ဖော်ပြထားပါတယ်။ ဒီအင်အေအမျှင် ပျက်စီးမှုဟာ သုက်ပိုးရဲ့ မျိုးရိုးဗီဇအရည်အသွေးကို တိုင်းတာနိုင်ပြီး အမျိုးသားတွေအနေနဲ့ အသက်ကြီးလာတာနဲ့အမျှ သုက်ပိုးအရည်အသွေး ကျဆင်းသွားတတ်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ သုက်ပိုးအရည်အသွေးကို တိုက်ရိုက် ကောင်းမွန်စေနိုင်တာ ဒါမှမဟုတ် ကျန်းမာ တဲ့ကိုယ်ဝန်ဆောင် ရရှိဖို့အခွင့်အရေး မြင့်မားစေတာ ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။ အသက်၄၅နှစ်ကျော်သူ အမျိုးသားတွေမှာ ဗီတာမင်စီ အများဆုံးရရှိသူတွေဟာ ဗီတာမင်စီနည်းစွာရရှိသူတွေထက် ဒီအင်န်အေပျက်စီးမှု ၂၀ရာခိုင်နှုန်း နည်းပါးကြောင်း၊ ဗီတာမင် အီး၊ သွပ်နဲ့ ဖောလိတ်အက်စစ်ဓာတ်ကို စမ်းသပ်ရာမှာလည်း ဗီတာမင် စီနဲ့ တွေ့ရှိချက်တူညီကြောင်း သိရပါတယ်။ အသက်ငယ်တဲ့ အမျိုးသားတွေမှာမူ ဓာတ်တိုးဆန့်ကျင်ပစ္စည်း စားသုံးမှုနဲ့ သုက်ပိုး အရည်အသွေး ဆက်စပ်မှုမရှိဘူးလို့ ဆိုပါတယ်။ အချဉ်အရသာရှိတဲ့ သစ်သီး၊ အနီရောင်နဲ့ အစိမ်းရောင် ငရုတ်သီးနဲ့ ခရမ်းချဉ်သီးတွေမှာ ဗီတာ မင်စီများစွာပါဝင်ပါတယ်။ အခွံမာသီး(Nuts) ဟင်းနုနယ်နဲ့ ဘရိုကိုလီလိုမျိုး အစိမ်းရောင် ဟင်းသီး ဟင်းရွက်တွေမှာ ဗီတာမင်အီးများစွာ ပါဝင်ပါတယ်။ ငါး၊ ပုစွန် စတဲ့ ပင်လယ်စာ၊ အမဲသား၊ ဆိတ်သားလိုမျိုး အနီရောင်အသား၊ ပဲအမျိုးမျိုး၊ အခွံမာသီးနဲ့ နို့ထွက်ပစ္စည်းတွေမှာ သွပ်ဓာတ်များစွာ ပါဝင်ပါတယ်။

တရုတ်နိုင်ငံ၏ စင်ထရယ်ဖော်တာလီဇာ တာဝါပေါ်သို့ပြင်သစ် ပင့်ကူလူသား တက်ရောက်ခဲ့



''ပြင်သစ်ပင့်ကူလူသား'' ဟုအမည်တွင်နေသော ပြင်သစ်နိုင်ငံသား အလန်ရောဘတ်ဆိုသူသည် စက်တင်ဘာ ၂၂ ရက်နေ့က တရုတ်နိုင်ငံ ဟာနန်ပြည်နယ်မှ ၁၂၈၀ပေအမြင့်ရှိ စင်ထရယ်ပလိန်း ဖော်တာလီဇာတာဝါပေါ်သို့ တက်ပြကာ ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံ တက်နိုင်သူ တစ်ဦးဖြစ်လာခဲ့သည်။ အသက်၅၀ကျော် အရွယ်ရှိသော အလန်ရောဘတ်သည် ထိုသို့မြင့်မားမတ်စောက်သော တရုတ်နိုင်ငံ၏ စင်ထရယ်ဖော်တာလီဇာ တာဝါပေါ်ကို ခက်ခက်ခဲခဲနှင့် တက်ခဲ့ရကြောင်း သိရှိရသည်။ ရောဘတ်သည် ချီကာဂိုဆီးယားတာဝါနှင့် တရုတ်(တိုင်ပေ)မှ တိုင်ပီ-၁၀၁ တာဝါအပါအ၀င် ကမ္ဘာပေါ်ရှိ အမြင့် ဆုံးအဆောက်အအုံပေါင်း ၁၀၀ကျော်ကို တက်နိုင်ခဲ့သည်။ အလန်သည် အဆောက်အအုံမြင့်ပေါ်သို့ တက်ရောက်ခြင်း ကို ၁၂နှစ်သားအရွယ်တွင် ၎င်းနေထိုင်ရာ ရှစ်ထပ် အဆောက်အအုံ ခေါင်မိုးပေါ်သို့ ပထမဦးဆုံး အကြိမ်အဖြစ် စတင်တက်ရောက်ပြခဲ့သည်။ သို့ရာတွင် ရောဘတ်သည် ၂၀၁၀ ပြည့်နှစ်က သြစတြီးယားနိုင်ငံ ဆစ်ဒနီမြို့ လယ်ခေါင် မှရွိင်ယယ်ဘန်ကို တက်ရောက်ခဲ့မှုအတွက် သြစတြေး လျအစိုးရက ၎င်းအား ဒဏ်ငွေပေါင် ၄၈၀ ပေးဆောင်စေခဲ့ သည်။ ယခုတစ်ကြိမ်တွင်မူ တရုတ်အာဏာပိုင် များက ရောဘတ်အားတရားဝင် တက်ရောက် ခွင့်ပြုခဲ့ကြောင်း သိရှိရသည်။

ဘင်ကားကို ကြိုးဖြင့်ဆွဲပြနိုင်ခဲ့သည့် အသက်ခုနစ်နှစ် အရွယ်ကလေးငယ်


တရုတ်နိုင်ငံ ချုဇူးပြည်နယ်က အသက်ခုနစ်နှစ်အရွယ် ကလေးတစ်ယောက်ဟာ အရွယ်နှင့်မလိုက်အောင် သန်မာလွန်း တဲ့အတွက် မိသားစုစီးကားဖြစ်သော ဘင်ကားကိုလမ်းတစ်လျှောက်မှာ ကြိုးဖြင့်ဆွဲပြခဲ့ပါတယ်။ သူဟာသူ့ဖခင်ကို လည်း ချီပိုးပြနိုင်သလို သန်မာလူကြီး တစ်ယောက်တောင်မှ မဖို့ခက်ခဲတဲ့ ဂျုံအိတ်နဲ့ ဘိလပ်မြေအိတ်လို အရာမျိုးတွေ ကို အလွယ်တကူ မပြနိုင်ခဲ့ပါတယ်။ ပုံမှန်အားဖြင့် အသက်ခုနစ်နှစ်အရွယ် ကလေးတွေဟာ ၂၀ နဲ့ ၃၅ ကီလိုဂရမ် (၄၄ ပေါင်နဲ့ ၇၇ ပေါင်) ကြားမှာ ရှိကြပေမယ့် ယန်ဂျင်လောင်လို့ခေါ်တဲ့ ထိုစွမ်းအားရှင်ကလေးငယ်ဟာ ကိုယ် အလေးချိန် ၅၀ကီလိုဂရမ် (၁၁၀ပေါင်) ရှိတယ်လို့ သိရပါတယ်။ သူ့ရဲ့သန်စွမ်းမှုဟာ လူတကာအတွက် အံ့မခန်းဖြစ်နေတဲ့အတွက် သူနေတဲ့ အနီးအနားဝန်းကျင်က တရုတ်လူမျိုးတွေဟာ ဒီကောင်လေး နောက်တစ်ခါ ဘာမပြမလဲဆိုတာကို စိတ်ဝင်တစားနဲ့စောင့် ကြည့်နေကြပါတယ်။

ချက်သမ္မတ မိန့်ခွန်းပြောကြားနေစဉ် ပလတ်စတစ်သေနတ်နှင့် ပစ်ခတ်သူ အဖမ်းခံရ


ချက်သမ္မတနိုင်ငံ ဘိုဟီးဖီးယားမြောက်ပိုင်း ချာစတာဖာမြို့တွင် စက်တင်ဘာ၂၈ရက်နေ့က ပြုလုပ်ခဲ့သော တံတားသစ်ဖွင့်ပွဲ အခမ်းအနားတွင် ချက်သမ္မတ ဗာကူလက်ဇ်ကူလ် မိန့်ခွန်းပြောကြားနေစဉ် လူငယ်တစ်ဦးက ပလတ်စတစ်သေနတ်ဖြင့် ချိန်တွယ်ကာ ပစ်ခတ်ခဲ့မှုကြောင့် သမ္မတ၏ လုံခြုံရေးဝန်ထမ်းများက ၀င်ရောက် ဖမ်းဆီးခဲ့ကြောင်း ချက်ပြည်တွင်းသတင်းတစ်ရပ်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အသက်၂၆နှစ် အရွယ်ရှိ အဆိုပါအမျိုးသားသည် သမ္မတဖြစ်သူလူစုလူဝေးနှင့် မိန့်ခွန်းပြောကြားနေစဉ် ပေအနည်းငယ်အကွာမှ ယင်းသို့ ကစားစရာသေနတ်နှင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။သေနတ်ဆွဲညှစ်လိုက်သည်ကို မြင်တွေ့လိုက်ရသော သမ္မတ၏ လုံခြုံရေးဝန်ထမ်းများက ချက်ချင်းရောက်ရှိလာကာ ထိုသူအား ဖမ်းဆီးချုပ်နှောင်ခဲ့သဖြင့် ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့သည်။ သမ္မတသည် လုံခြုံရေးဝန်ထမ်းများ ရုတ်ရုတ်သဲသဲဖြစ်သွားသည်ကို ရုတ်တရက် မြင်တွေ့လိုက်ရ သဖြင့် တအံ့တသြဖြစ်ခဲ့ကြောင်း သိရသည်။

ဆင်ကာကူကျွန်းအနီး ရေအမြောက်များဖြင့် ပစ်ခတ်တားဆီးခဲ့


တရုတ်နိုင်ငံ အရှေ့ဘက်ပင်လယ်အတွင်းရှိ ဂျပန်နှင့်တရုတ် ပိုင်ဆိုင်ခွင့် အငြင်းပွားနေကြသည့် ဆင်ကာကူ ကျွန်းအနီးတွင် နှစ်ဖက်မကျေနပ်ချက်များကို ထုတ်ဖော်သည့်အနေဖြင့် စက်တင်ဘာ ၂၅ရက်နေ့က ဂျပန် ကမ်းခြေစောင့်စစ် သင်္ဘောများက တရုတ်(တိုင်ပေ)ဘက်မှ ငါးဖမ်းသင်္ဘောများ ကင်းလှည့်ရေယာဉ် ကို ရေအမြောက်များဖြင့် ပစ်ခတ်ခဲ့မှုများ ဖြစ်ပွားခဲ့သည်ဟုသိရသည်။ အဆိုပါနေ့မနက်က တရုတ်ငါးဖမ်းသင်္ဘော အစင်း၄၀နှင့် ကင်းလှည့်ရေယာဉ်တို့သည် ဆင်ကာကူကျွန်းအနီးသို့ ချဉ်းကပ်ဝင်ရောက်လာသောအခါ ဂျပန် ကမ်းခြေစောင့် အာဏာပိုင်များက ၎င်းတို့၏ပိုင်နက်အတွင်း မ၀င်ရောက်ရန် သတိပေးသည်ကို မသိကျိုးကျွန်ပြု ခဲ့ခြင်းကြောင့် ထိုတရုတ်သင်္ဘောများ နောက်ပြန်ဆုတ်သွားစေရန်အတွက် ရေအမြောက်များဖြင့် ပစ်ခတ်တားဆီးခဲ့သည် ဟုသိရသည်။ ပြီးခဲ့သည့် နှစ်ပတ်ကျော်က ဂျပန်အစိုးရက ပုဂ္ဂလိကပိုင်ရှင်များဆီမှ အဆိုပါကျွန်းကို ပြန်လည် ၀ယ်ယူခဲ့ပြီး နောက်ပိုင်းတွင် ကျွန်းနှင့်ပတ်သက်သော တင်းမာမှုများ ပိုမိုပြင်းထန်လာခဲ့သည်။ တရုတ်နိုင်ငံ တွင် ရောင်းချနေသော ဂျပန်ပစ္စည်းများကို တရုတ်နိုင်ငံသားများက မ၀ယ်ယူဘဲ သပိတ်မှောက်ခဲ့ကြသည်။ ဂျပန်နိုင်ငံ သို့ သွားရောက်လည်ပတ်မည့် ၎င်းတို့၏ခရီးစဉ်များကို ဖျက်သိမ်းခဲ့ကြသောကြောင့် ဂျပန်နိုင်ငံအနေဖြင့် စီးပွားရေးအရ များစွာအထိနာလျက်ရှိသည်။ စက်တင်ဘာ၂၇ရက်နေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ဂျပန်နှင့် တရုတ်တို့ကို အဆိုပါကျွန်းကိစ္စနှင့် ပတ်သက်ပြီး ခေါင်းအေးအေးထား၍ ဆုံးဖြတ်ကြရန် တိုက်တွန်းခဲ့ပြီး အမေရိ ကန်အနေဖြင့် ၎င်းနှစ်နိုင်ငံကြားတွင် ၀င်ရောက်စွက်ဖက်မည် မဟုတ်ကြောင်း ပြောကြားလိုက်သည် ဟုသိရသည်။ 

လှိုင်သာယာမြို့နယ်ရှိ မြေကွက်လပ်များကို E-Lite ကုမ္ပဏီက ဖုန်းတာဝါတိုင်များထောင်ရန် ငှားရမ်းလျက်ရှိ



ဆက်သွယ်ရေးကဏ္ဍ လွယ်ကူစေရန်နှင့် တန်ဖိုးနည်းဖုန်းများ အမြန်ပေါ်ထွက်လာစေရန် ရည်ညွှန်း၍ E-Lite ကုမ္ပဏီက ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၌ ဖုန်းတာဝါတိုင်များစိုက်ထူရန် မြေကွက်များလိုက်လံ ငှားရမ်း လျက်ရှိကြောင်းကို ၂၅-၉-၂၀၁၂ ရက်က E-Lite ဖုန်းတာဝါတိုင်စိုက်ထူနေသော တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။ ယင်းသို့ပြောကြားရာတွင် ''ကျွန်တော်တို့ အခုစိုက်ထူနေတဲ့ ဖုန်းတာဝါတိုင်ကတော့ အမှတ် ၁၂ ရပ်ကွက် ပေါ်ဆန်းမွှေး(၁)လမ်းမှာပါ။ လှိုင်သာယာမြို့နယ်ရဲ့ ပထမဆုံး စိုက်ထူတဲ့ ဖုန်းတာဝါတိုင်ပေါ့။ ဒီမြို့နယ်မှာတော့ စုစုပေါင်း ဘယ်နှတိုင်ထောင်မလဲ မသိဘူး။ မြေကွက်တွေလည်း လိုက်ငှားနေတုန်းပါ။ တစ်မြို့နယ် ကိုတော့ ငါးတိုင်အနည်းဆုံးထောင်တယ်။ နောက်ဆိုအခြေခံ လူတန်းစားတွေပါ ဖုန်းကိုင် နိုင်တော့မယ်။ တန်ဖိုး နည်းဖုန်းတွေ အများကြီး ထွက်ပေါ်လာတော့မှာပါ။ ဒီတော့ဖုန်းလိုင်းတွေ မကျပ်ဖို့အတွက် တာဝါတိုင်တွေက လိုအပ်လာပြီ။ ဒါကိုအဓိက ရည်ရွယ်ပြီးတော့ ကျွန်တော်တို့ E-Lite ကုမ္ပဏီက အခုလိုတာဝါတိုင်တွေ စိုက်ထူ တာဖြစ်ပါတယ်'' ဟုပြောကြားသည်။ ဖုန်းတာဝါတိုင်တစ်တိုင် စိုက်ထူလျှင် ပျမ်းမျှ၁၀ရက်ခန့် ကြာမြင့်ကြောင်း၊ ယခု စိုက်ထူသော တာဝါတိုင်မှာ ပြီးစီးလုပြီဖြစ်နေကြောင်းနှင့် လှိုင်သာယာမြို့ နယ်ပြီးလျှင် အခြားမြို့ နယ်များတွင်ပါ စိုက်ထူသွားရန် အစီအစဉ်ရှိကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပြည်တော်ပြန်ခရီးကို ကြိုဆိုခဲ့ကြသည့် အနုပညာရှင် နှစ်ဦး၏ ရင်တွင်းစကား




နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၁-၁၀-၂၀၁၂ ရက်တွင် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှ နံနက် ၉ နာရီ ၂၀ မိနစ်တွင် လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိလာရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြည်သူများနှင့် အတူ ၀မ်းပန်းတသာကြိုဆိုခဲ့ကြသူ သရုပ်ဆောင် အိန္ဒြာကျော်ဇင်နှင့် အေးမြတ်သူ တို့၏ ၀မ်းသာဂုဏ်ယူ စကားများ ကို ဖော်ပြလိုက်ပါတယ်။


အိန္ဒြာကျော်ဇင်
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအနေနဲ့ ဥက္ကဋ္ဌ ဦးဆောင်ပြီး နိုင်ငံတော်သမ္မတကြီး ကိုလာကြိုတာပါ။ သမ္မတကြီးကို အကုန်လုံးကချစ်ပြီး ဂုဏ်ယူစွာလာ ကြိုကြတာမြင်တော့ အရမ်းကိုဝမ်းသာတယ်။

အေးမြတ်သူ
နိုင်ငံရဲ့ဂုဏ်ဆောင် နိုင်ငံကို အကောင်းဘက်ကို ရောက်အောင်ပြုပြင်နေတဲ့ နိုင်ငံတော်သမ္မတကြီးရဲ့ လုပ်ရပ်တွေ အားလုံးကို ပြည်သူ တစ်ယောက်အနေနဲ့ ကြိုဆိုတယ်။ ဂုဏ်ယူတယ်။ ဒါကြောင့်လာကြိုတာ။ အခုလာကြိုတဲ့သူတွေ အားလုံးက ဘယ်သူ တစ်ဦးတစ်ယောက်ရဲ့ တိုက်တွန်းမှုမှ မပါဘဲ ကိုယ့်အသိစိတ်နဲ့ ကိုယ်ရင်ထဲက ဆန္ဒအစစ်အမှန်နဲ့ လာကြိုကြတာ။ အရမ်းကို ပျော်တယ်။  

ကမ္ဘာ့အကြီးဆုံးစာရင်းဝင် စိန်ကြီးတစ်လုံး ရုရှား၌တွေ့ရှိ




ရုရှားနိုင်ငံ၏ အကြီးဆုံးစိန်ရှာဖွေတူးဖော်ရေး ကုမ္ပဏီတစ်ခုသည် အလ်လိုဆာကုမ္ပဏီ၏ နံပါတ်၁၆ ညာဘစ်ဆင်မိုင်း တွင်း တည်ရှိရာ ရုရှားအရှေ့မြောက်ပိုင်း ဂျာကူဘီယာဒေသတွင် အလေးချိန် ၁၅၈ဒသမ၂ကာရက်ရှိ ကမ္ဘာ့ရှားပါးဆုံး အကြီးဆုံးစာရင်းဝင် စိန်ကြီးတစ်လုံးကို တွေ့ရှိခဲ့ကြောင်း စက်တင်ဘာ၂၅ရက် ရုရှားပြည်တွင်း သတင်း တစ်ရပ်တွင် ဖော်ပြခဲ့သည်။ ရုရှား၏ အလ်လိုဆာကုမ္ပဏီသည် ယင်းစိန်တုံးကြီးကို ယခုသီတင်းပတ်အတွင်း ကြမ်းခင်းဈေးအဖြစ် အမေရိကန်ဒေါ်လာ ၁ဒသမ၅သန်းဖြင့် လေလံတင် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုစိန်တုံးကို စိတ်ပိုင်းလိုက်ပါက အရည်အသွေးကောင်းမွန်ပြီး တန်ဖိုးရှိသော စိန်တုံးပေါင်းများစွာ ထွက်ရှိမည်ဖြစ်ပြီး ယင်းစိန်တုံးလေးများ၏ တန်ဖိုးသည်ပင် အမေရိကန်ဒေါ်လာ သိန်းနှင့်ချီ၍တန်မည်ဖြစ်ကြောင်း အလ်လိုဆာကုမ္ပဏီမှ စိန်ကျွမ်းကျင်သူတစ်ဦးက ပြောကြားလိုက်သည်။ 

ရုရှားနိုင်ငံရှိ လူသုံးကုန်ပစ္စည်းများ ဈေးအဆမတန်မြင့်တက်မှုကြောင့် လူပေါင်းများစွာဆန္ဒပြ



မော်စကိုမြို့ရှိမော်စကိုမြို့ရှိ လမ်းမများပေါ်တွင် လူပေါင်းများစွာတို့က ရုရှားနိုင်ငံတွင် လူသုံးကုန်ပစ္စည်းဈေးနှုန်းများ အဆမတန်မြင့်တက်လာမှုကို မကျေနပ်သောကြောင့် ဆန္ဒပြမှုများ ပြုလုပ်ကြသည်ဟု သိရသည်။ ရုရှားနိုင်ငံ၏ လူမှုစီးပွားအခြေအနေ လေ့လာမှု စစ်တမ်းတစ်ရပ်အရပြီးခဲ့သည့် ဆယ်နှစ်အတွင်း ရုရှားနိုင်ငံ၏ လူသုံးကုန် ပစ္စည်း ဈေးနှုန်းများမှာ တစ်ဆထက်တစ်ဆ မြင့်တက်လာသည် ဟုသိရသည်။ အဆိုပါဆန္ဒပြပွဲတွင် ရုရှားပြည်သူ တို့က သောက်သုံးရေနှင့် လျှပ်စစ်ဓာတ်အားခကောက်ခံမှု မြင့်တက်လာမှုကို ရပ်တန့်ပးဖို့ရန် ပြင်းထန်စွာ တောင်းဆို ခဲ့ကြသည်။ အလားတူဖြစ်ရပ်မျိုးကို ရုရှားနိုင်ငံ တစ်ဝန်းလုံး၌ စက်တင်ဘာ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့သည် ဟုသိရ သည်။

မန်ချက်စတာ ယူနိုက်တက်၏ နွေရာသီဘောလုံးသင်တန်းသို့ မြန်မာမှကလေးများ တက်ရောက်နိုင်




Manchester United Soccer School(UK)  က ဖွင့်လှစ်မည့် ဘောလုံးပညာ လေ့ကျင့်သင်ကြားမှုနှင့် အင်္ဂလိပ် စာသင်ကြားမှု ပူးတွဲသင်တန်းသို့ အသက် ၁၁ နှစ်မှ ၁၈ နှစ်အတွင်း လူငယ်များ တက်ရောက် သင်ယူနိုင်မည်ဖြစ်သည်။ သင်တန်း ကာလ နှစ်ပတ်ကြာမြင့်မည်ဖြစ်ပြီး မြန်မာနိုင်ငံ ၏ နွေရာသီကျောင်း ပိတ်ရက်ဖြစ်သော ဧပြီလနှင့် အင်္ဂလန်နိုင်ငံ၏ နွေရာသီ ဇူလိုင်လတို့တွင် တက်ရောက်နိုင်သည်။ သင်တန်းကာလမှာ ၁၄ ရက် ဖြစ်သည်။ ယင်းသင်တန်းတွင် ကျွမ်းကျင်သော နည်းပြများနှင့် ဘောလုံးလေ့ ကျင့်မှုများ၊ Oxford University press ၏ အင်္ဂလိပ်စာလေ့ကျင့်မှုများ၊ Old Trafford ရှိ Manchester United ကွင်းသို့ လေ့လာရေးခရီးစဉ်များ ပါဝင်မည်ဖြစ်သည်။ ယင်းသင်တန်းသို့ တက်ရောက်ရန် သင်တန်းကြေး၊ အဆောင်၊ တစ်နေ့သုံးကြိမ် အကျွေးအမွေး၊ လေဆိပ်သို့ လာရောက်ကြိုဆိုခြင်းနှင့် အာမခံကြေးအပါအဝင် စုစုပေါင်း စတာလင်ပေါင် ၂၈ဝဝ ပေးသွင်းရမည်ဖြစ်သည်။ ထို့ပြင် အားကစားဝတ်စုံနှစ်စုံ၊ အပေါ်ဝတ် အနွေးထည် တစ်ထည်၊ ရေဘူး၊ အားကစား လမ်းညွှန်စာအုပ်များ၊ အင်္ဂလိပ်စာသင်ခန်းစာ စာအုပ်များကိုပါ အခမဲ့ပေးအပ် မည်ဖြစ်သည်။ Old Trafford ဘောလုံးကွင်းအပါအဝင် Blackpool နှင့် Sandcastles Water Park တို့ကိုပါ သွားရောက် လေ့လာခွင့်ရမည်ဖြစ်သည်။ အားကစားစိတ်ဓာတ်အပြင် အင်္ဂလိပ်စာနှင့် စကားတတ်ကျွမ်းစေမည့် ယင်းသင်တန်း သို့ တက်ရောက်လိုသူများသည် မိဘအုပ်ထိန်းသူနှင့်အတူ N.L.E.C တွင် လျှောက်ထားနိုင်ကြောင်း သိရသည်။

အသားစားနွား မွေးမြူခြင်း၊ နို့စားနွား မွေးမြူခြင်းဖြင့် ရရှိနိုင်သောစီးပွားရေး တွက်ခြေကိုက်မှုများ




သမဝါယမ ဝန်ကြီးဌာနသည် သမဝါယမ လုပ်ငန်းများဖြင့် ပြည်သူများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုး တိုးတက်စေရေး ပံ့ပိုးနိုင်ရန် အတွက် ပြည်သူများ၏ လက်ရှိ ပကတိ ဖြစ်ပေါ်နေသည့် အခြေအနေ များနှင့် ကိုက်ညီသော သမဝါယမ လုပ်ငန်းများဖြစ်အောင်  မည်သို့ တိုးတက် ပြုပြင်ပြောင်းလဲ ဆောင်ရွက် သွားရမည် ဆိုသည်ကို ဝိုင်းဝန်း ဆွေးနွေး ဖော်ထုတ် အကောင် အထည်ဖော် ဆောင်ရွက် ကြရန် ပြည်ထောင်စု ဝန်ကြီး ဦးကျော် ဆန်းက ယနေ့နံနက် ၉ နာရီခွဲတွင် သမဝါယမ ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည့် သမဝါယမ လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ ညှိနှိုင်း ဆွေးနွေးပွဲ တွင် ပြောကြားခဲ့သည်။ မွန်ပြည်နယ်သည် မွေးမြူရေးနှင့် သားငါးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် နို့စား နွား၊ အသားစားနွားနှင့် ကမ်းနီး၊ ကမ်းဝေး ငါးလုပ်ငန်း များတွင် (Quick  Win) ရရှိရေးအတွက် အကောင် အထည်ဖော် ဆောင်ရွက်နိုင်သည့် အခြေအနေ ကောင်းများရှိ ကြောင်းဖြင့် စက်တင်ဘာ ၃ဝ ရက် နံနက်ပိုင်းက မွန်ပြည်နယ် မော်လမြိုင်မြို့ မြို့တော်ခန်းမ၌  ကျင်းပသော  မွန် ပြည်နယ် မွေးမြူရေးနှင့် သားငါးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး တွေ့ဆုံ ဆွေးနွေးပွဲတွင် ပြည်ထောင် စုဝန်ကြီး ဦးအုန်းမြင့်က ပြော ကြားသည်။

ပြည်ထောင်စု ဝန်ကြီးက ဆက်လက် ပြောကြားရာတွင် မွေးမြူရေးနှင့် သားငါးကုန်ထုတ် လုပ်မှုကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ရာ၌ စိုက်ပျိုးရေး လုပ်ငန်းများနှင့်  တွဲဖက် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တိရစ္ဆာန် အစားအစာများ ရရှိနိုင်မည့် ဆန်၊ စပါး၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းနှင့် နေကြာ စသည့် သီးနှံများ တွဲဖက် စိုက်ပျိုးရန် ဖြစ်ကြောင်း၊  စိုက်ပျိုးရေး လုပ်ငန်းများ ဆောင်ရွက် ချိန်တွင် တစ်ဖက်က မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ပါက ဒုတိယဝင်ငွေ (Secondary Income) ရရှိလာပြီး အပိုဝင်ငွေ ရရှိကာ လူမှုစီးပွားဘဝ တိုးတက် လာမည်ဖြစ်၍ နိုင်ငံတော် အစိုးရက ဆောင်ရွက်နေသည့် ကျေးလက် ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှာ့ချရေးအား အကောင် အထည်ဖော်ဆောင် ရွက်ရာရောက် မည် ဖြစ်ကြောင်း ဖြင့်လည်း ပြောကြား ခဲ့သည်။

မှတ်ညဏ်ချို့ယွင်းမှုပြသနာများ လျှော့ချပေးနိုင်


  



ဗီတာမင် B6၊ B12 နှင့် ဖောလစ်အက်စစ်အပါအ၀င် ဗီတာင် ဘီ အုပ်စုများဟာ သက်ကြီးရွယ်အိုများတွင် ဖြစ်တတ်လေ့ရှိသော အယ်လ်ဇိုင်းမား ရောဂါ(Alzheimer disease) နှင့် အခြားသော မှတ်ဥာဏ်ချို့ယွင်းသည့် ပြဿနာများကို လျှော့ချပေးနိုင်စွမ်း ရှိပါတယ်။ မှတ်ဥာဏ်ချို့ယွင်းမှု လက္ခဏာပေါ်ပေါက်နေသော လူနာများနှင့် သွေးထဲတွင် ဟိုမိုစစ်စတင်း(homocysteine) ပမာဏမြင့် မားနေသော လူနာများတွင် ဗီတာမင်ဘီဆေးဝါးများကို သိသိသာသာတုံ့ပြန်နိုင်စွမ်းရှိကြောင်း
Houston ပြည်နယ် ဦးနှောက်နှင့်အာရုံကြောဆိုင်ရာတက္ကသိုလ်မှ ဆရာဝန်ကြီးတစ်ဦးဖြစ်သူ Dr. Gustavo C. Roman က ပြောကြားခဲ့ပါတယ်။ ဟိုမိုစစ်စတင်းဟူသည်မှာ သွေးထဲတွင်ရှိသောအမိုင်နိုအက်စစ်တစ်မျိုးဖြစ်ပြီး ၎င်း ဟိုမိုစစ်စတင်းပမာဏ မြင့်တက်နေခြင်းနှင့် အယ်လ်ဇိုင်းမားရောဂါ
ခံစားရခြင်းတို့ကြား ဆက်နွယ်မှုရှိနေပါတယ်။
စမ်းသပ်ချက်များအရ ဗီတာမင်ဘီကို စားဆေးမှီဝဲခြင်းထက် ထိုးဆေးအဖြစ်မှီဝဲခြင်းက
မှတ်ဥာဏ်ချို့ယွင်းသော လူနာများတွင် ပိုမို ထိရောက်မှုရှိကြောင်း Roman က အဆိုပြုပါတယ်။
သက်ကြီးရွယ်အိုများတွင် ခံစားရလေ့ရှိတဲ့ အယ်လ်ဇိုင်းမားရောဂါရဲ့ လက္ခဏာတွေကတော့
အောက်ပါအတိုင်းဖြစ်ပါတယ်။
၁။ လတ်တလော ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်များကို မေ့နေခြင်း
၂။ ဂဏန်းသင်္ချာ ရေတွက်ခြင်း၊ ပြဿာနာများကိုင်တွယ်ဖြေရှင်းရာတွင် အခက်အခဲဖြစ်ပေါ်ခြင်း
၃။ နိစ္စဓူဝ ဆောင်ရွက်မှုများတွင် အဆင်မပြေဖြစ်ခြင်း
၎။ အချိန်နာရီများ မသိရှိ၊ မမှတ်မိခြင်း
၅။ စာဖတ်၊ စာရေးခြင်းနှင့် စကားပြောဆိုရာတွင် အခက်အခဲရှိခြင်း
၆။ လူမှုဆက်ဆံရေး ချို့ယွင်းခြင်း
၇။ သိသိသာသာ စိတ်အခြေအနေများပြောင်းလဲခြင်း ၊ စိတ်အလိုမကျဖြစ်ခြင်း တို့ပဲ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံ၏ လူဦးရေငါးသန်းကျော်လောက်ဟာလည်း အထက်ပါ အယ်လ်ဇိုင်းမားရောဂါ
ခံစားနေရကြောင်း သိရှိရပါတယ်။ ဗီတာမင်ဘီများ မှီဝဲ သောက်သုံးခြင်းဖြင့် မှတ်ဥာဏ်ချို့ယွင်းခြင်းကို အပြည့်အ၀ ကာကွယ်မပေးနိုင်ပါဘူး။ ဒါပေမယ့် မှန်ကန်သင့်လျော်သော ဆေးပမာဏကို သုံးစွဲမယ်ဆိုရင်တော့ မှတ်ဥာဏ်
ချို့ယွင်းသည့်ရောဂါကို ပိုမိုမဆိုးဝါးအောင် တားဆီးထိန်းချုပ်ထားနိုင်မှာဖြစ်ပါတယ်လို့ Roman က
ဆက်လက်ပြောကြားသွားပါတယ်။

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Modern Warfare 3