October 22, 2012

ပြင်သစ်နဲ့ ဥရောပ ဘောလုံးလောကကို အံအားသင့်စေခဲ့တဲ့ မောင့်ပီလီယေး



ပြီးခဲ့တဲ့ရာသီက ပြင်သစ်လိဂ်မှာ မထင်မှတ်ဘဲ ဗိုလ်စွဲခဲ့တဲ့အတွက် မော်ဒန် ဘောလုံးလောက တစ်ခုလုံး အံ့အားသင့်ခဲ့ကြရပါတယ်။  နည်းပြ ရီနီဂျီရတ်ရဲ့ အသင်းချန်ပီးယံ ဖြစ်ခြင်းအပေါ် ထိုက်တန်မှု ရှိရဲ့လားလို့ သံသယ ရှိသူတွေလည်း ရှိနိုင်ပါတယ်။ ရာသီအစမှာ အသင်းဥက္ကဋ္ဌ လူးဝစ်နီကိုလင်းရဲ့ ရည်မှန်းချက်က ထိပ်သီးခုနှစ်သင်းအတွင်း ဝင်နိုင်ရေးပါ။ ဒါတောင်မှ ၂၀၁၀-၁၁ ရာသီက တန်းဆင်းဇုန်နဲ့ သုံးမှတ်အကွာမှာ ရပ်တည်ခဲ့ရပြီး ပျှမ်းမျှသွင်းဂိုး တစ်ပွဲကို တစ်ဂိုးနှုန်းတောင် မရှိခဲ့တဲ့ သူတို့ အသင်းအတွက် ဒီရည်မှန်းချက်က အရမ်းကို မြင့်မားလွန်းနေပါတယ်။ မောင့်ပီလီယေးဟာ ပြင်သစ်လိဂ်မှာ ဘတ်ဂျက်အရ စီလိုက်ရင် အဆင့် ၁၃ နေရာမှာ ရပ်တည်ခဲ့တဲ့ အသင်းလည်း ဖြစ်ပါတယ်။ ဒီအသုံးစရိတ်ဟာ ထိပ်သီး ပီအက်စ်ဂျီရဲ့ လေးပုံတစ်ပုံတောင် မရှိခဲ့ပါဘူး။ ပြင်သစ် ဘောလုံးမဂ္ဂဇင်းက မောင့်ပီလီယေးကို ၂၀၁၁-၁၂ ရာသီမှာ အသင်းတိုးတက်မှု ရရှိလာမယ်လို့ ခန့်မှန်းခဲ့ပေမယ့် အမှတ်ပေးဇယား အလယ်မှာ ရပ်တည်နိုင်ခဲ့လိမ့်မယ်လို့တောင် မမျှော်လင့်ခဲ့တာ အမှန်ပါပဲ။ ဒါပေမယ့် မောင့်ပီလီယေးဟာ အခြေခံအုတ်မြစ် ခိုင်မာတဲ့ အသင်းပါ။ နည်းပြ ဂျီရတ်က အသင်းကို ပြီးခဲ့တဲ့ ရာသီကတည်းက ကိုင်တွယ်ခဲ့လို့ အထိုင်ကျပြီးသား အနေအထားမှာ ရှိနေပါတယ်။ မောင့်ပီလီယေးဟာ ချမ်းသာကြွယ်ဝတဲ့ အသင်းတစ်သင်း မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ဟာ လူငယ်ဖွင့်ဖြိုးရေး အစီအစဉ်မှာ ကျယ်ကျယ်ပြန့်ပြန့် ရင်းနှီးမြှပ်နှံထားတဲ အသင်းတစ်သင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီမှာ ခြေစွမ်းပြခဲ့ကြတဲ့ အဓိက ကစားသမား အများစုဟာ အသင်းအကယ်ဒမီကနေ ထွက်ပေါ်လာခဲ့ကြသူတွေပါ။ ဂိုးသမား ဂျော်ဒန်ကစ၊ အသင်းခေါင်းဆောင် ယန္ဂါအမ္ဘီဝါ၊ စတမ္ဘူလီ၊ ဆိုင္ဟီ၊ ဘယ်လ်ဟန်ဒါတို့ အလယ်ကာဘယ်လ်၊ အိတ်ဖာနာတို့ အဆုံးပါပဲ။ တိုက်စစ်ကို ဂျီရုဒ် ဦးဆောင်ပြီး ခံစစ်မှာ ဟီလ်တန်နဲ့ ဘီဒီမိုတို့ကို အင်အား ထပ်ဖြည့်လိုက်တော့ သူတို့အသင်း အင်အားဟာ တကယ် တောင့်တင်းသွားခဲ့ပါပြီ။ ပြီးခဲ့တဲ့နှစ် နွေရာသီက ပြင်သစ်လိဂ် ထိပ်သီးအသင်းကြီးတွေ ဖြစ်တဲ့ ပီအက်စ်ဂျီ၊ လိုင်လီ၊ လီယွန်နဲ့ မာဆေးတို့ဟာ ကစားသမား အဝင်အထွက်နဲ့ အလုပ်ရှုပ်ခဲ့ရပြီး ရာသီအစမှာ ခြေစွမ်းမှန်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ မောင့်ပီလီယေးကတော့ လက်ရှိချန်ပီယံ လိုင်လီကို အဝေးကွင်းမှာ ၁-၀ နဲ့ အနိုင်ရတဲ့ပွဲ အပါအဝင် ရာသီအစ သုံးပွဲဆက် အနိုင်ရခဲ့ပါတယ်။ ရာသီ အစပိုင်းမှာ ရလဒ်ကောင်းခဲ့တဲ့အပေါ် အသင်းဥက္ကဋ္ဌ ဘီဒီမိုက "ရာသီအစမှာ ရလဒ် ကောင်းခဲ့တာဟာ အသင်းကို တစ်ရာသီလုံး ရလဒ်ကောင်းဖို့ ခွန်အား ဖြစ်စေခဲ့ပါတယ်။ အရမ်း ခက်ခဲတဲ့ ပွဲတွေမှာတောင် ကျွန်တော်တို့ ကောင်းကောင်း ကစားနိုင်ခဲ့တယ်။ လိုင်လီကို အနိုင်ရတဲ့ပွဲက ကျွန်တော်တို့အသင်းရဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့တဲ့ ပွဲပါပဲ။ ကျွန်တော်တို့ဟာ ဖိအားဒဏ်ကို ခံနိုင်ရည်ရှိရှိနဲ့ ပွဲကို ဆက်ကစားနိုင်စွမ်း ရှိပါတယ်။ အသင်းရဲ့ ရစ်သမ်မှန် မရချိန်မှာတော့ တချို့ အသင်းတွေနဲ့ ကျွန်တော်တို့ကြားမှာ ကွာဟချက် ကြီးမားအောင် ပြုလုပ်ခဲ့မိပါတယ်" လို့ ပြောကြားခဲ့ပါတယ်။ မောင့်ပီလီယေးဟာ ရာသီအစ ၁၆ ပွဲမှာ နှစ်ပွဲ ရှုံးနိမ့်ခဲ့တယ်။ ပီအက်ဂျီကို ၃-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲတွေပါ။ ပီအက်စ်ဂျီကို ဂိုးပြတ် ရှုံးနိမ့်ခဲ့လို့ ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်စွမ်း မရှိလောက်ပါဘူးလို့ သုံးသပ်မှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် ဘီဒီမိုကတော့ သူ့ရဲ့အမြင်ကို အခုလို ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ "ကျွန်တော်တို့အသင်း စွမ်းဆောင်မှုအရ သရေရလဒ် ရဖို့ အခွင့်အရေး ရှိပါတယ်" လို့ ဆိုပါတယ်။ မောင့်ပီလီယေးဟာ ဂိုးပြတ်နိုင်ပွဲတွေ ရရှိပြီး အောင်ပွဲ ခံနိုင်ခဲ့တာတွေ ရှိခဲ့ပါတယ်။ ရန်းနက်ကို ၄-၀၊ ဒီဂျွန်ကို ၅-၃ နဲ့ လော်ရီယန့်ကို ၄-၀ ဂိုးတွေနဲ့ အနိုင်ရခဲ့တဲ့ပွဲတွေ ဖြစ်ပါတယ်။ ဒီလို ဂိုးပြတ်တွေနဲ့ အနိုင်ပွဲတွေ ရှိခဲ့ပေမယ့် ရာဦဝက် ကျိုးချိန်မှာ အီဗီယန်ကို မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့ရတာကြောင့် ပီအက်စ်ဂျီက အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို ရယူနိုင်ခဲ့ပြီး အဲဒီနေရာမှာ ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ်။ လိုင်လီက ဒုတိယနေရာကနေ ကပ်ပြီး ဖိအားပေးနိုင်ခဲ့သလို လီယွန်ဟာလည်း ချန်ပီယံ ပြေးလမ်းပေါ်မှာ ရှိနေခဲ့ပါတယ်။ ရာသီဝက်ကျိုးခါနီးမှာ မောင့်ပီလီယေး ခြေချော်ခဲ့ပေမယ့် ဘောဒိုးကစားသမား တစ်ယောက် အဖြစ်နဲ့ အမှတ်ပေးဖလား သုံးကြိမ် ရယူခဲ့တဲ့ နည်းပြဂျီရတ်က အရှုံးရလဒ်ကို မေ့ဖျောက်ပြီး ဆောင်းရာသီ အားလပ်ရက် အပြီးမှာ အသင်းကို ရလဒ်ကောင်းတွေ ပြန်ရယူနိုင်ခဲ့တယ်။ မောင့်ပီလီယေးဟာ ၂၀၁၂ အစပိုင်းမှာ ကစားတဲ့ ရှစ်ပွဲမှာ ခြောက်ပွဲနိုင်ပြီး နှစ်ပွဲ သရေကျအောင် ကစားနိုင်ခဲ့တယ်။ အဲဒီရှစ်ပွဲမှာ ပေးဂိုးသုံးဂိုးသာ ခွင့်ပြုခဲ့ရတယ်။ ဖေဖော်ဝါရီလက ပီအက်စ်ဂျီကို အဝေးကွင်းမှာ တည်တည်ငြိမ်ငြိမ် ကစားပြီး ၂-၂ သရေရလဒ်ရအောင် ကစားနိုင်ခဲ့တယ်။ အဲဒီပွဲ အနိုင်ရရင် မောင့်ပီလီယေး ဇယား ထိပ်ဆုံးကို ရောက်မှာ ဖြစ်ပေမယ့် နောက် ကျ ချေပဂိုး ပေးရတာကြောင့် ပီအက်စ်ဂျီက ထိပ်ဆုံးနေရာမှာ ဆက်လက် ရပ်တည်နိုင်ခဲ့တယ်။ အဲဒီပွဲ နောက်ပိုင်းမှာတော့ မောင့်ပီလီယေးရဲ့ ခြေစွမ်း တိုးတက်လာခဲ့ပါတယ်။ အခုဆိုရင်တော့ မောင့်ပီလီယေး အသင်းသားတွေဟာ သူတို့ရဲ့ ခြေစွမ်းကြောင့် ချန်ပီယံဆု ဆွတ်ခူးနိုင်တယ် ဆိုတာကို အမှန်တကယ် သိရှိနေကြပါပြီး။ "ပီအက်စ်ဂျီဟာ တစ်နေ့ကျရင် ကျွန်တော်တို့ထက် အများကြီး ပိုကောင်းတဲ့အသင်း ဖြစ်လာမှာပါ။ ဒါပေမယ့် အခု လောလောဆယ်မှာတော့ သူတို့ရဲ့ ခြေစွမ်းက ကျွန်တော်တို့အတွက် ပြဿနာ မရှိပါဘူး။ သူတို့က ကျွန်တော်တို့ထက် ပိုမကောင်းဘူးဆိုတာ ကွင်းထဲမှာ ကျွန်တော်တို့ သက်သေ ပြပြီးပါပြီ" လို့ ဂျီရတ်က ပြောဆိုသွားခဲ့ပါတယ်။ မောင့်ပီလီယေးဟာ မတ်လနှောင်းပိုင်းမှာ အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို ရယူနိုင်ခဲ့ပြီး ရာသီကုန်တဲ့အထိ ဒီထိပ်ဆုံးနေရာမှာ မြဲမြဲ ရပ်တည်နိုင်ခဲ့ပါတယ်။ သူတို့အသင်းဟာ ပြင်သစ်လိဂ် သမိုင်းမှာ အကောင်းဆုံးအသင်း ဖြစ်ခဲ့ပြီး ၂၀၁၀-၁၁ ရာသီက လိုင်လီ ချန်ပီယံဖြစ်တဲ့ ရမှတ်လည်း ကျော်ဖြတ်နိုင်ခဲ့တယ်။ တစ်ရာသီလုံး အမ်ကွင်း ရှုံးပွဲ ၁ ပွဲပဲ ရှိပြီး ၁-၀ ဂိုးနဲ့ အနိုင်ရတဲ့ပွဲ ၁၁ ပွဲပဲ ရှိခဲ့တယ်။ အသင်းတိုက်စစ်မှူး ဂျီရုဒ်က သွင်းဂိုး ၂၁ ဂိုးနဲ့ ပူးတွဲဂိုး အများဆုံး သွင်းသူအဖြစ် ရပ်တည်နိုင်ခဲ့တယ်။ ငွေကြေးအကြောင်း အဓိက ပြောနေကြတဲ့ လက်ရှိ ဘောလုံးလောကမှာ မောင့်ပီလီယေးရဲ့ မောင်မြင်မှုဟာ ထူးခြားမှု တစ်ခုပါပဲ။ ဒီလို အောင်မြင်မှုမျိုးမှာ ဥရောပထိပ်သီး လိဂ်ပြိုင်ပွဲတွေထဲမှာ ကြီးမားတဲ့ အောင်ပွဲ လည်း ဖြစ်ပါတယ်။ ပြင်သစ် ဘောလုံးလောကရဲ့ စံပြ အောင်ပွဲလည်း ဖြစ်ပါတယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Modern Warfare 3