အောက်တိုဘာလ ၁၆ ရက်နေ့က နေပြည်တော်မှာရှိတဲ့ ရွိုင်ရယ်ကုမုဒြာ ဟိုတယ်မှာ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြား မှုဦးစီးဌာန၊ ရွှေတောင်ပေါ် ကုမ္ပဏီလီမိတက်နဲ့ ဗြိတိန်နိုင်ငံ DJC ကုမ္ပဏီမှ Mr.David J Cundall တို့ဟာ ဒုတိယ ကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံ မှာ မြှုပ်နှံထား ခဲ့တဲ့ လေယာဉ်များ လေယာဉ်နဲ့ ဆက်စပ်တဲ့ ပစ္စည်းကိရိယာ တန်ဆာပလာ များ ပြန်လည်တူးဖော် ပြီး ပြုပြင်တပ်ဆင်ခြင်းဆိုင်ရာ သဘောတူစာချုပ်အား လက်မှတ် ရေးထိုးခဲ့ကြပါတယ်။ ဒုတိယကမ္ဘာစစ် ကာလဖြစ်တဲ့ ၁၉၃၅ မှ ၁၉၄၅ အတွင်းမှာ မဟာမိတ် တပ်ဖွဲ့များဟာ မြန်မာနိုင်ငံ ကနေ ပြန်လည်ဆုတ်ခွာစဉ်က Spitfire အမျိုးအစား လေယာဉ်အစီး ၆၀ နဲ့ လေယာဉ် ဆက်စပ်ပစ္စည်းတွေကို မြန်မာနိုင်ငံအတွင်းက မြစ်ကြီးနား၊ မင်္ဂလာဒုံ၊ မိတ္ထီလာမြို့တို့မှာ မြှုပ်နှံခဲ့တာဖြစ်ပြီး အဆိုပါ လေယာဉ်များနဲ့ ဆက်စပ်ပစ္စည်းများကို ပြန်လည်တူးဖေါ်မှာ ဖြစ်တယ်လို့ ဆိုပါ တယ်။ မြန်မာနိုင်ငံမှာ ဒုတိယကမ္ဘာစစ် အတွင်းက မြှုပ်နှံခဲ့တဲ့ လေယာဉ်များအနက် မြစ်ကြီးနားဒေသမှာ ၁၈ စီး၊ မင်္ဂလာဒုံ နယ်မြေမှာ ၃၆ စီး၊ မိတ္ထီလာ နယ်မြေ (သဲတော) မှာ ခြောက်စီး လေယာဉ်စုစုပေါင်း ၆၀ စီးအား ရှာဖွေတွေ့ရှိမယ်လို့ ယုံကြည်တာကြောင့် အမေရိကန် နိုင်ငံက (TSI) နဲ့ မြန်မာနိုင်ငံက ရွှေတောင်ပေါ် ကုမ္ပဏီတို့ ပူးပေါင်းပြီး နစ်မြုပ်နေတဲ့ လေယာဉ်များကို ပြန်လည်တူးဖော် ရှာဖွေခွင့် ပြုဖို့အတွက် ပြည်ထောင်စု အစိုးရ အဖွဲ့ရုံးကနေတစ်ဆင့် အဆိုပြု တင်ပြခဲ့ခြင်း ဖြစ်ကြောင်း၊ အဲဒီလေယာဉ်များနဲ့ ဆက်စပ် ပစ္စည်းတွေကို ရှာဖွေတူးဖော်ရန်အတွက် သဘောတူ စာချုပ် ချုပ်ဆိုရာမှာ လုပ်ငန်းဆောင်ရွက်မှု ကာလ ၂ နှစ် သတ်မှတ်ဆောင်ရွက်ရန် သတ်မှတ်ထားပြီး၊ ပိုင်ဆိုင်မှု ခွဲဝေခြင်း အချိုးအနေနဲ့ မြန်မာနိုင်ငံ အစိုးရမှ ၅၀ ရာခိုင်နှုန်း၊ ဗြိတိန်နိုင်ငံ DJC ကုမ္ပဏီမှ ၃၀ ရာခိုင်နှုန်းနဲ့ ရွှေတောင်ပေါ် ကုမ္ပဏီက ၂၀ ရာခိုင်နှုန်း ခွဲဝေယူရန် သဘောတူ ထားတယ်လို့ပြောပါတယ်။ ဒါ့အပြင် လေယာဉ်တွေနဲ့ ဆက်စပ်ပစ္စည်းတွေကို တူးဖော်တဲ့အခါ လေယာဉ်တွေ တွေ့ရှိလာခဲ့ရင် ပိုင်ဆိုင်မှု ခွဲဝေခြင်းနဲ့ မသက်ဆိုင်ရဘဲ လေယာဉ် ၁ စီးကို နိုင်ငံတော်အစိုးရကို သီးခြား ပေးလှူရမှာဖြစ်ပြီး ကျန်တဲ့ လေယာဉ် အရေအတွက်ပေါ်မှာသာ ပိုင်ဆိုင်မှု ခွဲဝေဖို့ သဘောတူထားပြီး ဖြစ်ပါတယ်'' ဟု ပို့ဆောင်ရေး ဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အဆိုပါ လေယာဉ်များနဲ့ ဆက်စပ်ပစ္စည်းတွေကို ရှာဖွေတူးဖော်ရခြင်းနဲ့ ပတ်သက်ပြီး ရွှေတောင်ပေါ် ကုမ္ပဏီလီမီတက်က တာဝန်ရှိသူ တစ်ဦးက ''ဒုတိယကမ္ဘာစစ် အတွင်းက လေယာဉ်တွေ ဖြစ်တဲ့အတွက် ပြန်ပြီး တူးဖော်တွေ့ခဲ့မယ်ဆိုရင် မြန်မာနိုင်ငံနဲ့ ဗြိတိန်နိုင်ငံက ပြည်သူပြည်သားတွေတင် မကဘဲ ကမ္ဘာပေါ်မှာရှိတဲ့ ပြည်သူပြည်သားတွေ အားလုံး ကြည့်ရှုနိုင်ဖို့အတွက် ပြန်လည် ရှာဖွေတူးဖော်ဖို့ စီစဉ်ခဲ့တာပါ'' လို့ အောက်တိုဘာလ ၁၇ ရက်နေ့က ပြောပြခဲ့လို့ သိရပါတယ်။
Source : http://www.yatanarpon.com.mm/
Source : http://www.yatanarpon.com.mm/
0 comments:
Post a Comment