လွန်ခဲ့တဲ့ ငါးနှစ်တာကာလက အသံစွာစွာနဲ့ ပိန်ကပ်ကပ် သူ့ပုံလေးကို ခုချိန်ပြန်ကြည့်ရင် ရယ်ချင်ပါတယ်ဆိုသူကမော်ဒယ်လ် သရုပ်ဆောင် အေးမြတ်သူပဲ ဖြစ်ပါတယ်။ ၂၀၁၀ နဲ့ ၂၀၁၁ ခုနှစ်တွေထဲမှာ ဇာတ်ကားရိုက်ကူးမှုတွေ စိပ်လာပြီး သူမရဲ့ အလှအပကိုလည်း သူကိုယ်တိုင်အပြင် သူ့ရဲ့ ပရိသတ်တွေကလည်း ပိုပြီး နှစ်သက်လာကြတယ်ဆိုရင် မှားမယ် မထင်ပါဘူး။
ပထမဆုံး သူနဲ့ပြောဖြစ်တဲ့ အကြောင်းက သူပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေထဲက သူ့ရဲ့ ချစ်သူအပေါ်မှာထားတဲ့ အချစ်အကြောင်းပဲ ဖြစ်ပါတယ်။
“ဟား..အေးမြတ်သူကတော့ တစ်မျိုးစီကို သဘောကျပါတယ်။ ခေးရယ်မှာဆို ချစ်သူကို ပေးဆပ်တဲ့ အချစ်၊ မမေ့မယ့်မိုးမှာကျတော့ ချစ်သူက သေမှာဆိုတာကိုသိပြီး ချစ်နေရတဲ့ အချစ်၊ မြစ်ကျိုးအင်းမှာက ချစ်သူကို ရယူလိုစိတ် တအားကြီးတဲ့ အချစ်နဲ့ ချစ်တယ်။ အဲဒီအချစ်တွေထဲက အေးမြတ်သူ ထင်တာက ချစ်သူကို ပေးဆပ်ပြီး ချစ်တဲ့ ခေးရဲ့ အချစ်က အေးချမ်းမယ် ထင်တယ်” လို့ ပြောပါတယ်။
သူ့ရဲ့ ချစ်သူနဲ့ ပတ်သက်ပြီးလည်း သတင်းတွေ မကြာခဏ ထွက်တတ်တဲ့ မင်းသမီး တစ်လက်ပါ။
“စဉ်းစားကြည့်မိတယ် သိလား။ ဘယ်လိုကြောင့် အဲဒီလို သတင်းတွေ ထွက်တာလဲလို့။ လက်ရှိအချိန်မှာ အေးမြတ်သူ ပေါ်ပြူလာ ဖြစ်တဲ့သူကိုလည်း စိတ်မဝင်စားဘူး။ အေးမြတ်သူ ချစ်သူ ဘယ်သူလို့လည်း မပြောဘူး။ အမှန်အတိုင်း ပြောရရင် လက်ရှိမှာ အေးမြတ်သူ ချစ်သူဆိုပြီး လက်ဆုပ်လက်ကိုင် ပြစရာ အေးမြတ်သူမှာ မရှိဘူး။ ခုချိန်မှာ အေးမြတ်သူ အလုပ်ကို အာရုံစိုက်နေတယ်။ အေးမြတ်သူ ချစ်တတ်တဲ့ နှလုံးသား ရှိပါတယ်။ အေးမြတ်သူ ချစ်သူမရှိဘူးလို့ ပြောပြန်ရင် ညာပြောတယ်လို့ လူတွေက ပြောကြတယ်။ အေးမြတ်သူ ခုချိန်မှာရနေတာ ပရိသတ်ဆီက အချစ်တွေပါပဲ။ ပရိသတ်ဆီကရတဲ့ အချစ်လောက် အေးမြတ်သူမှာ အေးချမ်းတာ မရှိဘူး။ တစ်စုံတစ်ယောက်ဆီက ထူးခြားတဲ့ အချစ်ထက်စာရင် ပရိသတ်ဆီက အချစ်က ပွင့်လင်းတယ်။ မနာလိုဝန်တိုတာမျိုးလည်း မရှိဘူး။ အဲဒီအချစ်ကို ပိုလိုချင်တယ်။
ဘဝမှာ အသည်းကွဲခဲ့ဖူးတယ်လို့လည်း ဆိုပါတယ်။
အသက် ၂၅ နှစ် ရှိနေပြီ။ ချစ်သူလည်း ထားခဲ့ဖူးတယ်။ ရည်းစားလည်း ရှိခဲ့ဖူးသလို အသည်းလည်း ကွဲခဲ့ဖူးတယ်။ ဒါတွေက ဒီအချိန်မှာ ပြန်ပြောရင် ရယ်စရာကြီး ဖြစ်နေပြီ။
အသည်းမကွဲဖူးဘဲနဲ့တော့ နှလုံးသားက လက်တွေ့ကျတဲ့ နှလုံးသား ဖြစ်မှာ မဟုတ်ဘူးလို့ အမေရိကန် စာရေးဆရာတစ်ယောက်က ပြောဖူးတယ် အေးမြတ်သူရေ။
“ဟုတ်တာပေါ့။ အဲဒါ လက်ခံတယ်။ အေးမြတ်သူတို့ အနုပညာသည်တွေ ပိုဆိုးတယ်။ ခံစားမှုမျိုးစုံ ခံစားဖူးမှသာ ကိုယ်သရုပ်ဆောင်တဲ့အခါ ပြန်ခံစားတတ်မယ်။ ခုချိန်မှာ အေးမြတ်သူကို ကလေးတစ်ယောက်အမေ ဇာတ်ရုပ် သရုပ်ဆောင်ခိုင်းတာမျိုး၊ ဗိုက်နာပြီး ကလေးမွေးချင်တဲ့ ပုံမျိုး သရုပ်ဆောင်ခိုင်းရင် သေချာတယ်၊ အေးမြတ်သူ အဆင်မပြေနိုင်သေးဘူး။ ဘာကြောင့်ဆို အေးမြတ်သူမှာ ကလေး မရှိဘူး။ ကိုယ်ဝန် မဆောင်ဖူးဘူး။ အေးမြတ်သူတို့ သရုပ်ဆောင်တွေဆိုတာက အကုန်လုံးကို သိထားသင့်တယ်။ အသည်းကွဲခဲ့ဖူးတော့ အေးမြတ်သူက ခံစားတတ်တယ်။ အဲဒီအတွက် နာကျင်တာ၊ ချစ်တာ၊ မုန်းတာ၊ ငြိုးတာအကုန် အေးမြတ်သူ (၂၅) နှစ်မှာ ကြုံခဲ့ပြီးတဲ့အတွက် သရုပ်ဆောင်နိုင်ပြီ။ အေးမြတ်သူတို့ ချစ်သူနှစ်ယောက် လမ်းခွဲခဲ့တယ်ဆိုတာ တစ်စုံတစ်ယောက်ကြောင့်လည်း မဟုတ်ဘူး။ နားလည်မှုတွေနဲ့ပဲ ချစ်ခဲ့တယ်။ အဲဒီနားလည်မှုတွေနဲ့ လမ်းခွဲခဲ့တယ်။ သူတစ်ပါးကြောင့် ချစ်သူနှစ်ယောက် ကွဲရတယ်ဆိုတဲ့ အဖြစ်ကို အေးမြတ်သူ အဖြစ်မခံဘူး။ အေးမြတ်သူက သူတစ်ပါးစကား မယုံတတ်ဘူး။ အေးမြတ်သူရဲ့ အကျင့်က ကိုယ်တိုင်သိပြီး ကိုယ်တိုင်ကြုံမှ လက်ခံတတ်တယ်။ ဝုန်းဒိုင်း မကြဲတတ်ဘူး။ သွေးဆူပွက်တဲ့ လူထဲမှာ အေးမြတ်သူ မပါဘူး။ အဲဒီလိုပဲ အေးမြတ်သူကြောင့် စုံတွဲတွေ ကသိကအောက် ဖြစ်သွားတယ်ဆိုတာလည်း အေးမြတ်သူ မကြုံဖူးပါဘူး။ အေးမြတ်သူက သူငယ်ချင်းလည်း အရမ်းရှားသလို ဘယ်တော့မှ မလုပ်ဆုံးအလုပ်က အောင်သွယ် အလုပ်ပဲ။ အေးမြတ်သူက စကားရှုပ်တာလည်း မကြိုက်ဘူး။ ကိုယ့်ရဲ့ စကားတစ်ခွန်းကြောင့် လူတစ်ယောက် ကောင်းသွားတာပဲ ဖြစ်ချင်တယ်။ မကောင်းတာ မဖြစ်စေချင်ဘူး။ အေးမြတ်သူက ချစ်သူနှစ်ယောက်ကြားမှာ ဖြစ်စေ၊ မိတ်ဆွေ အပေါင်းအသင်းကြားမှာ ဖြစ်စေ ဘယ်တော့မှ ရှုပ်လေ့မရှိဘူး။ ဒါပေမဲ့ အေးမြတ်သူက ဘယ်သူနဲ့မဆို တရင်းတနှီး ပေါင်းသင်းဆက်ဆံလေ့တော့ ရှိပါတယ်။ ကိုယ့်ရဲ့ အပြုံးကြောင့် သူတစ်ပါး စိတ်ချမ်းသာစေချင်တယ်။
ခုချိန်မှာ အလုပ်ကို ပိုအာရုံစိုက်ဖြစ်လာပါတယ်လို့ ဆိုပြန်ပါတယ်။
လွန်ခဲ့တဲ့ ငါးနှစ်က အေးမြတ်သူက ပိန်တယ်၊ ပါးတယ် ပြီးတော့ လွတ်လွတ်လပ်လပ် ရှိတယ်။ မင်းသမီးဆိုပြီး သရုပ်ဆောင်ချင်တဲ့စိတ် သိပ်မရှိဘူး။ Show ပွဲ ရှိရင်လျှောက်လိုက်မယ်။ ဓာတ်ပုံရိုက်စရာရှိရင် ရိုက်လိုက်မယ်။ အဲဒီလိုနေရတာ ပျော်တယ်။ ခု ၂၀၁၁ မှာတော့ အေးမြတ်သူက ပရိသတ်ကို အများကြီး ကြည့်တတ်သွားပြီ အရင်ကထက်စာရင်ပေါ့။ ခုပရိသတ်ကို အေးမြတ်သူ ချစ်တတ်လာတယ်။ ကိုယ့်ကိုယ်ကိုယ် သရုပ်ဆောင်တစ်ယောက် အနေနဲ့ ပိုပြီးရပ်တည်ချင်လာတယ်။ ပရိသတ်ရဲ့ဂရုစိုက်မှုကို ပြန်ကြားလာတဲ့အတွက် အေးမြတ်သူ ပိုပျော်လာတယ်။
သူမရဲ့ကောလာဟလတွေနဲ့ ပတ်သက်ပြီး ဒီလိုရင်ဖွင့်ခဲ့ပါတယ်။
“ကောလာဟလဆိုတာ ပြန့်လွယ်တယ်။ မြန်မာမှာ စကားဆိုတဲ့အတိုင်း စပြီးတာနဲ့ ကားလာတာပဲလေ။ တစ်စိတ်ရှိရင်တောင် တစ်အိတ်လုပ်တယ်ဆိုတဲ့ စကားရှိတာပဲ။ အေးမြတ်သူနဲ့ ပတ်သက်ပြီး ကောလာဟလတွေ ကြားခဲ့ရင် မှားတာ၊ မှန်တာဆိုတာကို ကောင်းတဲ့ဘက်က မြင်ပြီး သုံးသပ်ဆုံးဖြတ်ပေးပါလို့။ တချို့ရှိတယ်။ သတင်းတစ်ခုကြားရင် “ဟယ်..ဟုတ်လား။ ဟုတ်မှာပေါ့။ ငါထင်ပါတယ်” အဲဒီလိုမျိုးတွေ ရှိတယ်။ တချို့က ကျိုးကြောင်းသင့်လျော်ပြီး ဆုံးဖြတ်တာမျိုး ရှိတယ်။ ဘယ်အရာမဆို ကိုယ့်ရဲ့ ဆီလျော်တဲ့ အတွေးနဲ့ ကိုယ်ချင်းစာတရားလေး လက်ခံထားပြီး ဆုံးဖြတ်ပေးပါလို့။ အေးမြတ်သူက ကောလာဟလတွေ အများကြီး ထွက်တယ်။ ဒါတွေကို ပြန်လည်း မပြောချင်တော့ဘူး။ ဒီကောလာဟလတွေကို စဉ်းစားဆင်ခြင် သုံးသပ်ပေးပြီးမှ လက်ခံပေးပါလို့ပဲ ပြောချင်ပါတယ်။

0 comments:
Post a Comment