
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်
ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ
ဦးမြညိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော် အရာရှိကြီးများနှင့်
အဖွဲ့ဝင်များ လိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် ရဟတ်ယာဉ်များဖြင့်
စစ်ကိုင်းမြို့သို့ ရောက်ရှိကြသည်။ ထို့နောက် စစ်ကိုင်းမြို့တွင် လာမည့် ပညာသင်နှစ်မှ စတင်၍ ဖွင့်လှစ်မည့်
စစ်ကိုင်း တက္ကသိုလ်သို့ ရောက်ရှိရာ တာဝန်ခံ ပါမောက္ခချုပ် ဒေါက်တာ
သူရဦးနှင့် ဆရာ၊ ဆရာမများ၊ မြို့မိမြို့ဖများက ကြိုဆိုကြသည်။ ယင်းနောက် နှစ်ထပ် စာသင်ဆောင် ခန်းမ၌ ဆောက်လုပ်ရေး ဝန်ကြီးဌာန
ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ ဒုတိယ အင်ဂျင်နီယာမှူးကြီး ဦးခင်မောင်ဆွေက
တက္ကသိုလ် စာသင်ဆောင်နှင့် ဝန်ထမ်းနေအိမ်များ ဆောက်လုပ်ပြီးစီးမှုနှင့်
ဆက်လက် ဆောက်လုပ်မည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး တာဝန်ခံ
ပါမောက္ခချုပ်က တက္ကသိုလ် စတင်ဖွင့်လှစ်ရန် ဆောင်ရွက်နေမှု၊ သင်ကြားပေးမည့်
အထူးပြု ဘာသာရပ်များနှင့် ဆရာ၊ ဆရာမများ အင်အားတို့ကို ရှင်းလင်းတင်ပြသည်။ တင်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက လမ်းညွှန်မှာကြားရာတွင်
ယခင်ကဆိုလျှင် စစ်ကိုင်းမြို့မှ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့်
တက္ကသိုလ်ပညာ ဆက်လက် ဆည်းပူးလိုပါက ရွှေဘိုနှင့် မုံရွာမြို့များသို့
သွားရောက် သင်ယူကြရကြောင်း၊ ထို့ကြောင့် ငွေကြေးကုန်ကျမှု
ပိုမိုများပြားခဲ့ကြောင်း၊ ဤတက္ကသိုလ်ကြီး ဖွင့်လှစ်ပါက
စစ်ကိုင်းမြို့မှာပင် အချိန်ကုန်၊ ငွေကုန် သက်သာစွာဖြင့်
ပညာသင်ယူနိုင်တော့မည် ဖြစ်ကြောင်း။ ဤစစ်ကိုင်းတက္ကသိုလ်ကြီးကို နိုင်ငံတော်က အထူးအစီအစဉ်ဖြင့် တည်ဆောက်
ဖွင့်လှစ်ပေးခြင်းဖြစ်ရာ စစ်ကိုင်းတိုင်း အတွင်းရှိ တက္ကသိုလ်များအနက်
အကောင်းဆုံး တက္ကသိုလ်ကြီး - Excellience University အဖြစ်
ပေါ်ထွန်းလာစေ လိုကြောင်း၊ ကျောင်း သားကျောင်းသူများကို စည်းကမ်းကောင်း၊
ကိုယ်ကျင့်တရားကောင်းပြီး ပြည်ထောင်စုကြီး တစ်ခုလုံးကို လွှမ်းခြုံ
ချစ်မြတ်နိုးသည့် မျိုးချစ်စိတ်ဓာတ် ရှင်သန်သော လူတော်လူကောင်းများ အဖြစ်
မွေး ထုတ်ပေးရန် ဖြစ်ကြောင်း၊ ထို့အတူ ကျောင်းသား ကျောင်းသူများအား
ဘွဲ့တစ်ခု ရရှိရန်အတွက်သာ မဟုတ်ဘဲ အမှန်တကယ် ပညာတတ်မြောက်သူများ ဖြစ်အောင်
လေ့ကျင့် ပြုစုပျိုးထောင်ပေးရန်လိုကြောင်း၊ ထိုသို့လေ့ကျင့်
ပျိုးထောင်ပေးနိုင်ရန်အတွက် ဆရာ၊ ဆရာမများ ကိုယ်တိုင်ကလည်း အတော်ဆုံး၊
အကောင်းဆုံး ဖြစ်အောင် စဉ်ဆက်မပြတ် လေ့လာ ဆည်းပူးနေရမည် ဖြစ်ကြောင်း။ မိမိတို့ နိုင်ငံ အနေဖြင့် အာဆီယံနိုင်ငံများ၊ အာဆီယံနှင့် ဆွေးနွေးဖက်
နိုင်ငံများ၊ အရှေ့အာရှ နိုင်ငံများ အပါအဝင် ကမ္ဘာ့နိုင်ငံများနှင့်
ထိတွေ့ဆက်ဆံမှု ပိုမိုများပြားလာသည် ဖြစ်ရာ ကျောင်းသား ကျောင်းသူများကို
အင်္ဂလိပ်ဘာသာ ကျွမ်းကျင်သူများ ဖြစ်လာစေရန်နှင့် ကျောင်းပြီးသည်နှင့်
တစ်ပြိုင်တည်း လုပ်ငန်းခွင် အသီးသီးသို့ ဝင်ရောက် လုပ်ကိုင်နိုင်သည်အထိ
ရည်ရွယ် သင်ကြားပေးကြရန် ဖြစ်ကြောင်းနှင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရန်
အတွက် ပညာရေး ဖွံဖြိုးမှုက အခြေခံကျသည်ဟု မှတ်ယူကြရန် ဖြစ်ကြောင်း၊ Good
Governance ဖြစ်လာရန်အတွက်လည်း စာသင်ကျောင်းများက စတင်
လေ့ကျင့်သင်ကြားပေးရမည် မြို့မိမြို့ဖများကလည်း ဝိုင်းဝန်း
ကူညီဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားသည်။ ထို့နောက် နိုင် ငံတော်သမ္မတသည် ကျောင်းဆောင်အတွင်းရှိ စာသင်ခန်းများကို
လှည့်လည် ကြည့်ရှုပြီး တက္ကသိုလ်ဝင်းအတွင်း စိမ်းလန်းစိုပြည်ရေးအတွက်
လုပ်ဆောင်ရန်များ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ တက္ကသိုလ် ကျောင်းသား၊
ကျောင်းသူများ သွားလာဆက်သွယ်မှု လွယ်ကူ အဆင်ပြေစေရေး
ဆောင် ရွက်ပေးရန်များကိုလည်း အသေးစိတ် မှာကြားခဲ့သည်။ စစ်ကိုင်းတက္ကသိုလ်ကို ယခုနှစ် ဒီဇင်ဘာ (၅) ရက်တွင်
စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ (၇၃၅) ဦး တက်ရောက်ခွင့်
ရရှိထားကြောင်း သိရှိရသည်။ ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတသည် စစ်ကိုင်းမြို့ ရာဇာမဏိစူဋ္ဌာ ကောင်းမှုတော်
စေ တီတော်သို့ ရောက်ရှိပြီး စေတီတော်ရှိ ဗုဒ္ဓရုပ်ပွားတော်များအား လှည့်လည်
ဖူးမြော်ကြည်ညို ကာ ဈေးဆိုင်ခန်း ဖွင့်လှစ်ရောင်းချနေသူများ၊ ဘုရားဖူး
ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။ ထို့နောက် စေတီတော်အထွတ်ရှိ စိန်ဖူးတော်ကို ဖူးမြော်ကြည်ညိုရာ
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးက နိုဝင်ဘာ (၁၁) ရက်က လှုပ်ခတ်ခဲ့သည့်
ငလျင်ဒဏ်ကြောင့် စိန်ဖူးတော်ကို ဆိုင်းထားသည့် ကြိုးတစ်ချောင်း
ကျိုးပြတ်သွားသဖြင့် စိန်ဖူးတော် ယိမ်းယိုင်သွားမှုနှင့် နိုဝင်ဘာ (၁၂)
ရက်တွင် စိန်ဖူးတော်ကို ဆိုင်းထားသည့် ကြိုးအားလုံးအား သံမဏိကြိုးများဖြင့်
အစားထိုး လဲလှယ်ပြီး စိန်ဖူးတော်အား ပြန်လည်တည့်မတ် ပြီးစီးခဲ့မှု
အခြေအနေကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် နိုင်ငံတော်သမ္မတသည် စေတီတော်အတွက် အလှူငွေများ ပေးအပ်
လှူဒါန်းပြီး စေတီတော် ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်
လက်မှတ်ရေးထိုးသည်။ ဆက်လက်၍ စေတီတော် အာရုံခံ တန်ဆောင်းတွင် ပြသထားသည့် စစ်ကိုင်းမြို့နယ်
အတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စေတီ၊ ပုထိုးနှင့် သာသနိက
အဆောက်အုံများ၏ မှတ်တမ်း ဓာတ်ပုံများကို ကြည့်ရှုသည်။ ထို့နောက် နိုင်ငံတော်သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်
အဖွဲ့ဝင်များသည် ရဟတ်ယာဉ်များဖြင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့
ရောက်ရှိကြပြီး ထိုမှတစ်ဆင့် အထူးလေယာဉ်ဖြင့် ဆက်လက် ထွက်ခွာခဲ့ရာ
ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည် ရောက်ရှိသည်။
0 comments:
Post a Comment