ငွေကျပ် သိန်း ၃၀ ရရှိမည် ဟူသည့်မက်လုံးဖြင့် မြန်မာအမျိုးသမီးငယ်များကို တရုတ်နိုင်ငံရှိ အမျိုးသား များနှင့် လက်ထပ်ရန် ပွဲစားများ အတင့်ရဲစွာ စည်းရုံးသိမ်းသွင်းမှုများ ရှိလာကြောင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှ ဒု-ရဲမှူးကြီးညွန့်လှိုင် က ပြောသည်။ လက်ထပ်ပြီး ကလေး တယောက် မွေးပေးပါက ယင်းငွေ ကျပ်သိန်း ၃ဝ ရရှိနိုင်မည်ဟု ပွဲစားများက ပြောဆို သိမ်းသွင်းခေါ်ဆောင်နေကြခြင်း ဖြစ်သည်။ “ကလေးမွေးပြီး သွားရင်တော့ ကိုယ့်နိုင်ငံ ပြန်လာလို့ရတယ်ဆိုပြီး ပေါ်ပေါ်တင်တင် စည်းရုံးမှုတွေ ပြုလုပ်လာကြ တယ်။ အဲဒါကို သဘောတူလို့ လိုက်သွားကြတဲ့ အမျိုးသမီးငယ်တွေ အများကြီးရှိကြတယ်။ အဲဒီကိစ္စရပ်က ဈေးကွက် တခုလို ဖြစ်နေတယ်” ဟု ဒု-ရဲမှူးကြီးညွန့်လှိုင် က ပြောသည်။ မြန်မာနိုင်ငံ၌ လက်ရှိဖြစ်ပွားနေသည့် လူကုန်ကူးမှုများ၏ ၈ဝ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံသို့ ဦးတည်ကာ ၁ဝ ရာခိုင်နှုန်းမှာ ထိုင်းနိုင်ငံသို့ ဦးတည်နေပြီး ၆ ရာခိုင်နှုန်းမှာ မလေးရှားနိုင်ငံသို့ ပို့ဆောင်ခံနေရကြောင်း အဆိုပါအဖွဲ့မှ ထုတ်ပြန်ထားသည်။ တရုတ်နိုင်ငံသို့ လူကုန်ကူးမှုသည် အဓမ္မ ထိမ်းမြားလက်ထပ်ရန် အမျိုးသမီးငယ်များအား ရောင်းဝယ်ခြင်း ဖြစ်ပြီး ထိုင်းနိုင်ငံသို့ လူကုန်ကူးမှုမှာ တိုက်ရိုက် လူကုန်ကူးခြင်းထက် တရားမဝင် အလုပ်လုပ်ကိုင်ရာမှ တဆင့် လိင်မှုဆိုင်ရာခေါင်းပုံဖြတ်မှုအတွက် နည်းမျိုးစုံ လူကုန်ကူးခံရခြင်း ဖြစ်သည်။ မလေးရှားနိုင်ငံသို့လည်း တိုက်ရိုက် လူကုန်ကူးခြင်း ထက် ထိုင်းနိုင်ငံမှတဆင့် သွေးဆောင်ဖြားယောင်းကာ ပြည့်တန်ဆာပြုခြင်းနှင့် ကလေးငယ်များအား အဓမ္မတောင်းရမ်းစေခိုင်းမှုများ ဖြစ်သည်။ “တရုတ်နိုင်ငံ ကျေးလက်တွေမှာ ရှိကြတဲ့ အမျိုးသမီးတွေက ရွှေ့ပြောင်း အလုပ်လုပ်ကိုင်ကြတာတွေ များလာတဲ့ အတွက် အမျိုးသားနဲ့အမျိုးသမီး လူဦးရေ ကွာဟချက်က မြင့်လာပါတယ်။ ကျေးလက်ဒေသတွေမှာ အမျိုးသမီး ရှားပါးမှုတွေ ဖြစ်လာတာကြောင့် ထုံးတမ်းစဉ်လာအရ မိန်းမ တောင်းယူ လက်ထပ်ရတဲ့ စရိတ် မြင့်လာတဲ့အတွက် အခုလို တဖက်နိုင်ငံ(မြန်မာ)မှ အမျိုးသမီးငယ်တွေကို ဝယ်ယူဖို့ ပွဲစားတွေကတဆင့် လူကုန်ကူးမှုတွေ ပေါ်ပေါက် လာကြတာပါ” ဟု ဒုရဲမှူးကြီးညွန့်လှိုင် က ရှင်းပြသည်။ ထိုသို့ မြန်မာအမျိုးသမီးများ တရုတ်နိုင်ငံသို့ လူကုန်ကူးခံရမှု ကာကွယ်တားဆီးရေး ဆောင်ရွက်ရာတွင် တဖက်နိုင်ငံ၌ ဥပဒေ သတ်မှတ်ပြဋ္ဌာန်းထားချက်မရှိ၍ အခက်အခဲ ကြုံရကြောင်းလည်း “လက်ရှိအချိန်အထိ တရုတ်နိုင်ငံကို ဦးတည်တဲ့ လူကုန်ကူးမှု အရေအတွက်က သိသိသာသာ ကျဆင်းမှု မရှိသေးဘူး။ တရုတ်နိုင်ငံမှာက လူကုန်ကူးမှု တားဆီးနှိမ်နင်းတဲ့ ဥပဒေ မရှိသေးတာကြောင့် နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ ရေးထိုးပြီး လုပ်ဆောင်နေရတယ်” ဟု ဒုရဲမှူးကြီးညွန့်လှိုင် က ရှင်းပြသည်။ ၂ဝ၁၁ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် လူကုန်ကူးခံရမှု အနည်းဆုံး ၁၃၆ မှု ရှိခဲ့ရာ တရုတ်နိုင်ငံသို့ ဦးတည်သည့်အမှုမှာ ၉၄ မှု၊ ပြည်တွင်း၌ ဖြစ်ပွားသည့်အမှု ၂၃ မှုနှင့် ထိုင်းနိုင်ငံသို့ ဦးတည်သည့်အမှု ၁၉ မှု ရှိခဲ့သည်။ နိုင်ငံတဝှန်းရှိ လူကုန်ကူးခံရသူ အရေအတွက်မှာလည်း အနည်းဆုံး ၂၃၄ ဦး ရှိခဲ့ရာတွင် ရန်ကုန်တိုင်းမှ ၆၃ ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှ ၄၁ ဦး၊ မန္တလေးတိုင်းမှ ၃၆ ဦး၊ ကချင်ပြည်နယ်မှ ၂၆ ဦး၊ ပဲခူးတိုင်းမှ ၂၅ ဦး၊ ဧရာဝတီတိုင်းမှ ၁၇ ဦး၊ ကရင်ပြည်နယ်မှ ၁၆ ဦးနှင့် မွန်ပြည်နယ်မှ ၁ဝ ဦး ပါဝင်သည်။မြန်မာနိုင်ငံတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေကို ၂ဝဝ၅ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့က ပြဋ္ဌာန်း ခဲ့သည်။ ၂ဝ၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် လူကုန်ကူးခံရသူများ၏ လေးပုံတစ်ပုံနီးပါး (၂၃ ရာခိုင်နှုန်း) သည် ကလေး သူငယ်များဖြစ်ကြောင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ နှစ်ပတ်လည် အစီရင်ခံစာက ဆိုသည်။ထိုနှစ်အတွင်း လူကုန်ကူးခံရသူ ၂၆၅ ဦး ကို ကယ်တင်နိုင်ခဲ့ပြီး ၎င်းတို့အနက် ၆၁ ဦးမှာ အရွယ် မရောက်သေးသော ကလေးသူငယ်များဖြစ်သည်။ထို ကလေးသူငယ် ၆၁ ဦးအနက် ၅၂ ဦးမှာ မိန်းကလေးများ ဖြစ်ကြသည်။လူကုန်ကူးမှုများသည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အများဆုံးဖြစ်ပွားပြီး တရားခံများကို ရန်ကုန်တိုင်းမှ အများဆုံး ဖမ်းဆီးရမိကြောင်း အဆိုပါ အစီရင်ခံစာတွင် တွေ့ရသည်။လူကုန်ကူးခံရသူ စုစုပေါင်း၏ ၈၃ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်ကြပြီး အများဆုံး အကြောင်းအရင်းမှာ အဓမ္မ လက်ထပ်ထိမ်းမြားပေးရန်ဖြစ်ကာ ဒုတိယအများဆုံးမှာ ပြည့်တန်ဆာ အဖြစ်ခိုင်းစေရန် ဖြစ်သည်ဟု ထိုအဖွဲ့၏ စာရင်းဇယားများအရ သိရှိရသည်။ ကမ္ဘာတဝှမ်းတွင်မူ နှစ်စဉ် ကလေးသူငယ် ၁၂ သန်းခန့် လူကုန်ကူးခံနေရပြီး လူကုန်ကူးခြင်းမှာ ဒေါ်လာဘီလျံများစွာ အကျိုးအမြတ်ရရှိနေသည့် ရာဇဝတ်မှု လုပ်ငန်းဖြစ်ကြောင်း UNICEF ကထုတ်ပြန်ထားသည်။