December 6, 2012

လာမည့်သင်္ကြန် သရုပ်ပျက်ဆင်ယင်မှု တားမြစ်ရေးအဆို လွှတ်တော် အတည်ပြု

 
 
 
 
နောင်ကျင်းပမည့် သင်္ကြန်ပွဲတော်များ၌ သရုပ်ပျက် ဝတ်စားဆင်ယင်မှု မရှိစေရန် တားမြစ် ပိတ်ပင်ရေး အဆိုအား ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်က အတည်ပြု ဆုံးဖြတ်ခဲ့သည်။ ယင်းအဆိုကို သင်္ဃန်း ကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်က တင်သွင်းခဲ့ပြီး ကိုယ်စားလှယ် ၄ ဦးက ပါဝင်ဆွေးနွေးခဲ့သည်။ ရန်ကုန်တိုင်း ဒေသကြီး မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ကျင်းပရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဒေါ်စန်းစန်းနွယ်က မြန်မာ့ရိုးရာ သင်္ကြန်ဆင်နွှဲသူများ လိုက်နာရန် စည်းကမ်းချက်များကို ယင်းပွဲတော် မတိုင်မီ နိုင်ငံပိုင် သတင်းစာများမှ ထုတ်ပြန် ကြေညာ သွားမည်ဖြစ်ပြီး စည်းကမ်းမလိုက်နာသည့် သင်္ကြန်မဏ္ဍပ်များကို စာရင်းမှတ်သားကာ နောင်နှစ်တွင် ခွင့်ပြုချက် ပိတ်ပင်သည့်နည်းဖြင့် အရေးယူသွားမည်ဟု ဆိုသည်။ ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ ဒေါ်ညိုညိုသင်း ကမူ သင်္ကြန်ကာလအတွင်း အမျိုးသမီးများ သရုပ်ပျက် ဝတ်စားဆင်ယင်မှု မရှိစေရန် တားမြစ် ပိတ်ပင်ပါက အမျိုးသားများ မူးယစ်သောက်စားကာ ရမ်းကားမှု မရှိစေရန်လည်း ထိရောက် စွာ ဆောင်ရွက်သင့်ကြောင်း အကြံပြုဆွေးနွေး ခဲ့သည်။ သင်္ကြန်ကာလ အတွင်း ခိုက်ရန်ဖြစ်ပွားမှု၊ ကြမ်းတမ်းသည့် ရေကစားမှု၊ တိုင်းရင်းသား စည်းလုံးမှုကို ပျက်ပြားစေသည့် ဆူပူမှုများ မပြုလုပ်ရန် တားမြစ်ထားပြီး မြန်မာ့ရိုးရာနှင့် မဆီလျော်သည့် ဝတ်စားဆင်ယင်မှု များကိုလည်း ကြပ်မတ်စစ်ဆေး မှတ်တမ်းတင်သွားမည်ဟု ဝန်ကြီး ဒေါ်စန်းစန်းနွယ်က ပြောသည်။ ယခု ကျင်းပခဲ့ပြီးသည့် ၂၀၁၂ ခုနှစ် သင်္ကြန်ကာလတွင် သရုပ်ပျက် ဝတ်စားဆင်ယင်မှုများ ရှိခဲ့သည့်အတွက် နောင်ကျင်းပမည့် သင်္ကြန် ပွဲတော်များ ယင်းကဲ့သို့ ကိစ္စရပ်များ မဖြစ်ပေါ်စေရန် ယင်းအဆိုကို တင်သွင်းရခြင်း ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ် ဦးကျော်က ထပ်လောင်းပြောကြားခဲ့သည်ဟု ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၆ ရက်နေ့ထုတ် Popular News    ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Modern Warfare 3