မီဒီယာဖိုင်များ ကွန်ပျူတာပေါ်သို့ ရောက်သည့်နေ့မှစ၍ ကျွန်မတို့၏
ကွန်ပျူတာများတွင် Storage Space သည် လောက်သည်ဟူ၍ မရှိနိုင်။ ၂၀၀၁ ခုနှစ်
ပတ်ဝန်းကျင်ကဆိုလျှင် 40GB ရှိသော Hard Drive သည်ကြီးလှပြီ။ ယခုဆိုလျှင်
ရုပ်ရှင်များ၊ သီချင်းများ၊ ဓာတ်ပုံများနှင့် စာအုပ်များ ပြည့်နှက်နေသော
ကျွန်မ၏ ကွန်ပျူတာတွင် နေရာမလောက်မည် စိုးသောကြောင့် လည်းကောင်း၊
အမြတ်တနိုး သိမ်းဆည်းထားသော အရာများ ပျောက်ပျက်မည်ကို
စိုးရိမ်သောကြောင့်လည်းကောင်း 500GB အပို Hard Drive တစ်လုံးဖြင့်
သိမ်းဆည်းနေရပါပြီ။ အပို Hard Drive ဖြင့် သိမ်းဆည်းပါသည် ဆိုသော်လည်း Hard
Drive ၏ကြံ့ခိုင်မှုကို စိတ်မချသဖြင့် 16GB Memory Stick
ပေါင်းများစွာကိုလည်း ဝယ်ယူ သုံးစွဲရပါသေးသည်။ အင်တာနက် အမြန်နှုန်း မကောင်းသဖြင့် ဤပစ္စည်းများကို ဝယ်ယူသုံးစွဲ
နေရခြင်းဖြစ်သည်။ အမြန်နှုန်းသာ ကောင်း မည်ဆိုလျှင် မိမိ၏
အရေးကြီးဖိုင်များကို အင်တာနက်ပေါ်တွင် အတိုင်းအတာ တစ်ခုထိ အခမဲ့
စနစ်ဖြင့် လည်းကောင်း၊ ပမာဏအတော်များများကို သင့်တင့်သော
ဈေးနှုန်းဖြင့်လည်းကောင်း သိုလှောင်နိုင် သည့် နေရာများ ရှိပါသည်။
ကျွန်မတို့အတွက် အင်တာနက် သိုလှောင်ရုံများဟု ဆိုရပါလိမ့် မည်။
မြန်မာငွေကြေးစနစ်နှင့် နိုင်ငံတကာ ငွေကြေးစနစ်ကလည်း နောင်တွင်
ချိတ်ဆက်မိမည်ဖြစ်ရာ အဆိုပါ သိုလှောင်ရုံများကို လက်တွေ့ကျကျ
အသုံးပြုနိုင်သော အခြေအနေသို့ ရောက်လာပါလိမ့်မည်။ အင်တာနက် ချိတ်ဆက်မှုသာ
ရှိလျှင် လက်တွေ့အသုံးပြုနိုင်မည့် အင်တာနက် သိုလှောင်ရုံများ ကို
အောက်ပါအတိုင်း တွေ့ရပါမည်။
Sky Drive
Sky Drive သည် Microsoft က တည်ထောင်ထားသည့် အခမဲ့ သိုလှောင်မှုစနစ် ဖြစ်သည်။ Windows (သို့မဟုတ်) Office 365 (သို့မဟုတ်) Office 2013 ကို တရားဝင် သုံးစွဲသူများအတွက် ပိုမိုအဆင်ပြေစေနိုင်သော စနစ်ဟု ဆိုနိုင်ပါသည်။ Sky Drive သည် ကနဦးအခမဲ့ အသုံးပြုခွင့် 7GB ပေးထားရာ အခမဲ့ သိုလှောင်ခွင့်ပေးသော ဝန်ဆောင်မှုများထဲတွင် အကောင်းဆုံး အတန်းအစားဝင်ဖြစ်သည်။ ပုံစံဟောင်း Sky Drive ကို အသုံးပြုဖူးပြီး ယခုပုံစံသစ် Sky Drive ဆီသို့ ပြောင်းရွှေ့အသုံးပြုမည်ဟု ဆိုပါက အခမဲ့ သိုလှောင်ခွင့် 25GB ထိ ရနိုင်ပါသည်။ သိုလှောင်ထားသော ဖိုင်များကို တည်းဖြတ်ရန် အတွက်သာ Live Account လိုပြီး ကြည့်ရုံသက်သက်အတွက် Live Account မလိုပါ။ Office Suite တရားဝင် ဝယ်ယူသုံးစွဲသူများသည် အပို 20GB အခမဲ့ သိုလှောင်ခွင့် ရရှိပါသည်။ Sky Drive သည် မိမိ၏ကွန်ပျူတာတွင် သိုလှောင်ထားသော ဖိုင်များနှင့် အင်တာနက်တွင် သိုလှောင်မည့်ဖိုင်များအား အမြဲတစေ တူညီအောင် တန်းညှိပေးခြင်း (Sync) လုပ်နိုင်သည်။ Microsoft Office တွင် ပါဝင်သည့် Word, Excel, Power Point, One Note စသည်တို့ဖြင့် ဖန်တီးထားသော ဖိုင်များအား တန်းညှိရာတွင် အကောင်းဆုံးဖြစ်ကြောင်း တွေ့ရပါသည်။ Sky Drive သို့ ဝင်ရောက်ထားသူသည် Browser မှနေ၍ မိမိ၏ Document များကို အခမဲ့ Edit လုပ်နိုင်သည်။ Sky Drive သည် Public Link များ၊ View-only Private Link များ၊ View/Edit Private Link များအားလည်း အခြားသူများနှင့် Share ပြုလုပ်နိုင်ခွင့် ပေးပါသည်။ သို့သော် Mac Application သုံးစွဲသူများနှင့် Sharing မလုပ်နိုင်သေးခြင်း၊ မိမိ၏ဖိုင်များကို မိုဘိုင်းဖုန်းပေါ်၌ ကြည့်ရှုရန် Download မလုပ်နိုင်သေးခြင်း စသော အားနည်းချက်များ ရှိသည်။ အခပေး သုံးစွဲရန် လိုအပ်ပါက 20GB ပမာဏ သိုလှောင်ရန် တစ်နှစ်လျှင် ၁၀ ဒေါ်လာ၊ 50GB အတွက် ၂၅ ဒေါ်လာနှင့် 100GB အတွက် ၅၀ ဒေါ်လာဟူသော နှုန်းထားသည် Online Storage Service များတွင် အလွန်သက်သာသော နှုန်းထားဟု ဆိုနိုင်ပါသည်။ သို့သော် ဈေးနှုန်း လျော့ သည့်နည်းတူ ဝန်ဆောင်မှု လျှော့ချခြင်းမှာ ဆိုးရွားသော ကိစ္စဖြစ်သည်။ ယခုအချိန်တွင် မိမိ၏ အီးမေးလ် မှတစ်ဆင့် Sky Drive ဆီသို့ Photo Publish လုပ်နိုင်သော လုပ်ဆောင်ချက်ကို ပိတ်ထားပါသည်။
Sugar Sync
Sugar Sync သည် Dropbox လိုပင် နာမည်ကြီးသော အွန်လိုင်းဝန်ဆောင်မှု တစ်ခုဖြစ်သည်။ ယခုနောက်ပိုင်းလာသော Lenovo Laptop ကွန်ပျူတာများနှင့် အချို့သော စမတ်ဖုန်းများ (ဥပမာ- ဂျပန်နိုင်ငံလုပ် Softbank ဖုန်း) များတွင် Sugar Sync ကို အသင့်ထည့်သွင်း ပေးထားပါသည်။ Sugar Sync အား နာမည်ကျော်စေသော အချက်များထဲတွင် မည်သည့် OS အမျိုးအစားနှင့်မဆို တွဲဖက် သုံးစွဲနိုင်ခြင်းနှင့် ကနဦး အခမဲ့ သိုလှောင်ခွင့် 5GB ပေးထားခြင်းတို့လည်း ပါဝင်သည်။ ဤဝန်ဆောင်မှုသည် အရည်အသွေး တိုးမြှင့်ရန်အတွက် မကြာခဏ Update လုပ်လေ့ရှိသည်။ မိမိ၏ ကွန်ပျူတာထဲရှိ မည်သည့် Folder ကိုမဆို အင်တာနက်ပေါ်ရှိ Virtual Folder ထဲတွင် Sync လုပ်ခွင့်လည်း ပေးသည်။ မည်သည့်ဖိုင် အမျိုးအစားကိုမဆို မည်သည့် Device နှင့်ဖြစ်ဖြစ် Sync လုပ်ခွင့်ပေးသော Micro-manage စနစ်ကို အသုံးပြုသည်။ ဥပမာပြရလျှင် မိမိကွန်ပျူတာထဲမှ ဖုန်းများကို Sugar Sync ထဲတွင် Sync လုပ်ပြီးသည်နှင့် တပြိုင်နက် ယင်းထဲမှမည်သည့် Folder တို့ကို မည်သည့် Device များနှင့် Sync လုပ်လိုသည် သို့မဟုတ် မည်သည့် Device နှင့်သာ Sync လုပ်လိုသည်ကို ရွေးချယ်ခွင့်ပေးထားပါသည်။ ကျန်သည့် Online Storage များထက် အားသာသည့်အချက်မှာ Public Sharing လုပ်သော မည်သည့်ဖိုင်နှင့် ဖိုလ်ဒါကိုမဆို Password ထားရှိခွင့်ပေးခြင်း ဖြစ်သည်။ iPhone နှင့် iPad အတွက် Sugar Sync မှာလည်း အလားတူပင် အရည်အသွေး ကောင်းမွန်သည်။ Dropbox နှင့်မတူသည့် အချက်မှာ Sugar Sync တွင် သိုလှောင်ထားသော တေးဂီတ Album ထဲမှ သီချင်းအားလုံးကို Streaming ပုံစံဖြင့် တစ်ပုဒ်ပြီးတစ်ပုဒ် နားထောင်ခွင့်ပြုခြင်းပင်။ စမတ်ဖုန်း အားလုံးအတွက်လည်း Sugar Sync ရှိသည်။ ထိပ်တန်းလျှို့ဝှက် အဆင့်ဖြင့် Share လုပ်သော ဖိုင်နှင့် ဖိုလ်ဒါများကိုလည်း Encrypt လုပ်ပေးပါသည်။ အခပေးအသုံးပြုရမည့် အနေအထားတွင် 30 GB ပမာဏထိ တစ်လလျှင် ၄.၉၉ ဒေါ်လာနှင့် တစ်နှစ်လျှင် ၄၉.၉၉ ဒေါ်လာ၊ 60GB ပမာဏထိ တစ်လလျှင် ၉.၉၉ ဒေါ်လာနှင့် တစ်နှစ်လျှင် ၉၉.၉၉ ဒေါ်လာ၊ 100 GB ပမာဏထိ တစ်လလျှင် ၁၄ .၉၉ ဒေါ်လာနှင့် တစ်နှစ်လျှင် ၁၄၉.၉၉ ဒေါ်လာ ဖြစ်ပါသည်။
Box
Drop box လောက် လူသိမများသော်လည်း နာမည်ချင်းဆင်သော Box သည်လည်း အခမဲ့ အသုံးပြုနိုင်သော Online Storage ဝန်ဆောင်မှု တစ်ခုဖြစ်သည်။ Account တစ်ခုဖွင့်ပြီး Register ပြုလုပ်ပြီးသည်နှင့် တပြိုင်နက် မိမိ၏ ကွန်ပျူတာ Workflow ထဲတွင် Box Storage ကို ထည့်သွင်း အသုံးပြုနိုင်ပါပြီ။ သူ့တွင် Sync လုပ်ငန်းစဉ်ကို အခမဲ့ ပေးထားသော်လည်း Business Customer များ အတွက်သာ အခမဲ့ ပေးခြင်းဖြစ်သည်။ Box သည် မည်သည့် OS Platform အတွက်မဆို အသုံးပြုနိုင်သည်။ မကြာခဏ Update ပြုလုပ်ပြီးလည်း အရည်အသွေး မြှင့်တင်လေ့ရှိသည်။ သို့သော် ယခုအချိန်အထိ မိမိကွန်ပျူတာထဲရှိ Folder တစ်ခုနှင့်သာ Sync ပြုလုပ်နိုင်ခွင့်ကို သာ ပေးအပ်ထားပါ သည်။ Box Sync မပါသော တစ်ဦးချင်းသုံး Personal Account ကို အခကြေးငွေပေးပြီး အသုံးပြုမည် ဆိုပါက 25GB ပမာဏထိ တစ်လလျှင် ၉.၉၉ ဒေါ်လာနှင့် 50GB ပမာဏထိ တစ်လလျှင် ၁၉ .၉၉ ဒေါ်လာဖြစ်ပါသည်။ လုံခြုံမှုကို အသားပေးလိုသူတို့အတွက်မူ အနည်းဆုံး အသုံးပြုသူ ၃ ဦးပါဝင်သော Business Account သို့မဟုတ် Enterprise Account ကို ဖွင့်လှစ်သုံးစွဲရန် လိုပြီး တစ်ဦးလျှင် အနည်းဆုံး ၁၅ ဒေါ်လာ စတင်ကျသင့်ပါမည်။ Personal Account တွင် 5GB အထိ အခမဲ့ အသုံးပြုနိုင်ပါသည်။ အခမဲ့သုံးရာတွင် အခြားသူများနှင့် File Share လုပ်ခြင်း File Editing လုပ်ခွင့်ပြုခြင်း၊ Preview နှင့် Downlaod အတွက် ကန့်သတ်ချက်များ ထားခြင်းတို့ ပြုလုပ်နိုင်မည် ဖြစ်သော်လည်း Password ပေးခြင်း၊ Automatic Expire Date ထားခြင်းတို့ ပြုလုပ်နိုင်မည် မဟုတ်ပါ။
Media Fire
ဖုန်းဆော့ဖ်ဝဲ Download ဆွဲသူတို့ အနေဖြင့် MediaFire နှင့် ရင်းနှီးပြီး ဖြစ်ပါလိမ့်မည်။ Media Fire သည် Back Up သက်သက်အတွက် သင့်တော်သော Online Storage မဟုတ်ပါ။ Sharing လုပ်ရန် ရည်ရွယ်သော Online Storage အတွက်သာ သင့်တော်ပါသည်။ သို့သော်စနစ်သည် အသုံးပြုရန် အလွန်ရိုးရှင်း လွယ်ကူသော စနစ်ဖြစ်သည်။ စိတ်တိုင်းကျ မဖြစ်သည့် Back up Feature များသည်ပင်လျှင် အသုံးပြုရန် အလွန်လွယ်ကူသည်။ အခမဲ့ အသုံးပြုလိုသူတို့မှာ ဤဝန်ဆောင်မှုကို တစ်လသာ အသုံးပြုခွင့် ရပါမည်။ တစ်လလျှင် ၉ ဒေါ်လာပေးခဲ့လျှင် အကန့်အသတ်မဲ့ Storage ပေးခြင်းနှင့် Download ချခြင်းတို့က Mediafire ၏ ဆွဲဆောင်မှု ဖြစ်ပါသည်။ သို့သော် Mobile Platform အတွက် အသုံးမပြုနိုင်ခြင်း၊ အသုံးပြုသော ဖိုင်များကို Encrypt မပြုလုပ်ပေးခြင်း၊ File Sharingအတွက် ကန့်သတ်ချက် မပြုလုပ်ပေးနိုင်ခြင်း စသော အားနည်းချက်များ ရှိပါသည်။
ဧဧသက် (ဖြိုးဓန ဒစ်ဂျစ်တယ်ဓာတ်ပုံ)

0 comments:
Post a Comment