
MFF Digicel Cup 2012 ကွာတားဖိုင်နယ် ပွဲစဉ်များ မဲခွဲမှုကို ယမန်နေ့ နေ့လည် က မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်တွင် ကျင်းပခဲ့ရာ ကွာတားဖိုင် နယ်တွင် မြန်မာနေရှင်နယ်လိဂ် အသင်းကြီးများ အချင်းချင်း ထိပ်တိုက် တွေ့ဆုံသည့် ပွဲစဉ်များ ပါဝင်လာကြောင်း တွေ့ရသည်။ လက်ရှိ ချန်ပီယံ ရန်ကုန် ယူနိုက်တက် အသင်းသည် ကွာတား ဖိုင်နယ်တွင် ဇေယျာရွှေမြေနှင့် အိမ်ကွင်း YUSC ၌ ရင်ဆိုင်ရမည် ဖြစ်သည်။ ရတနာပုံ အသင်းမှာမူ နှစ်ပွဲဆက် အိမ်ကွင်း ကစားခွင့် ရရှိခဲ့ပြီး ဧရာဝတီ အသင်းနှင့် ပွဲကျပ် ရင်ဆိုင် ရမည် ဖြစ်သည်။ ကွာတား ဖိုင်နယ်သို့ အစောဆုံး တက်ရောက်နိုင်ခဲ့သည့် နေပြည်တော် အသင်းသည်လည်း အိမ်ကွင်း၌ပင် ချန်ပီယံဟောင်း ဟံသာဝတီကို ဧည့်ခံရမည် ဖြစ်သည်။ ထို့အတူ ကမ္ဘောဇ အသင်းသည်လည်း အိမ်ကွင်း၌ပင် ရခိုင် ယူနိုက်တက်နှင့် တွေ့ဆုံရမည် ဖြစ်သည်။ ကွာတားဖိုင်နယ် ပွဲစဉ်များတွင် ရန်ကုန်- ဇေယျာရွှေမြေ၊ ရတနာပုံ-ဧရာဝတီ၊ ပွဲစဉ်များမှာ ပရိသတ် စိတ်ဝင်စားမည့် ပွဲကောင်းများ ဖြစ်လာနိုင်ပြီး အဆိုပါ အသင်းများ အနေဖြင့်လည်း ဆီးမီး ဖိုင်နယ်သို့ တက်ရောက်နို င်ရေး အတွက် အစွမ်းကုန် ကြိုးစားကြရဖွယ် ရှိနေသည်။ ဇေယျာရွှေမြေကို အိမ်ကွင်းဖြစ်သည့် မြက်ခင်းတု ကွင်းတွင် လက်ခံကစားခွင့် ရရှိခဲ့သည့် ရန်ကုန် ယူနိုက်တက် အသင်း၏ တာဝန်ရှိသူ တစ်ဦးက အိမ်ကွင်း လက်ခံကစားခွင့် ရရှိခဲ့ခြင်းမှာ ရန်ကုန်ယူနိုက်တက် အတွက် အားသာချက် တစ်ရပ် ဖြစ်စေခဲ့ကြောင်း ဖွင့်ဟခဲ့သည်။ ရတနာပုံ အသင်း အုပ်ချုပ်သူ ဦးအောင်ထွန်းဦးကမူ ဧရာဝတီနှင့် ကွာတားဖိုင်နယ် ပွဲစဉ်ကို အိမ်ကွင်းတွင် လက်ခံခွင့် ရရှိခဲ့သော်လည်း လက်ရှိ ကစားသမား အင်အားကြောင့် စိုးရိမ်မိကြောင်း ဆိုခဲ့သည်။ ဦးအောင်ထွန်းဦးက ရန်ပိုင်နှင့် ကိုနေးတို့ မရှိသည့် တိုက်စစ်ပိုင်းကြောင့် ဧရာဝတီနှင့် ပွဲတွင် အခက်တွေ့မည်ကို စိုးရိမ်မိကြောင်း ဖွင့်ဟခဲ့ခြင်း ဖြစ်သည်။ ကစားသမား အင်အားတောင့်တင်း လှသည့် ကမ္ဘောဇ အသင်းကို တောင်ကြီးမြို့တွင် သွားရောက် ရင်ဆိုင်ရမည့် ရခိုင် ယူနိုက်တက် အသင်း၏ နည်းစနစ် အကြံပေး ဦးအောင်နိုင်ကမူ မိမိတို့ အသင်းအတွက် အလွန် ခက်ခဲသည့် ပွဲစဉ်ဖြစ်ကြောင်း၊ သို့သော် အကောင်းဆုံး ရင်ဆိုင်သွားမည် ဖြစ်ပြီး ဆီမီး တက်နိုင်ရန်ကိုလည်း မျှော်လင့် ထားကြောင်း ဆက်လက်ဖွင့်ဟ သွားခဲ့သည်။ MFF Digicel Cup 2012 ပွဲစဉ်များကို ပြည်တွင်းရုပ်သံလိုင်း တစ်ခုဖြစ်သည့် Sky Net မှ တိုက်ရိုက် ထုတ်လွှင့်ပြသလျှက် ရှိရာ ကွာတားဖိုင်နယ် ပွဲစဉ်(၄)ပွဲ စလုံးကို ထုတ်လွှင့်ပြသ သွားမည်ဖြစ်ကြောင်း သိရသည်။ ကွာတား ဖိုင်နယ်ပွဲများ အပြင် ဆီမီးဖိုင်နယ်နှင့် ဖိုင်နယ်ပွဲများကိုပါ တိုက်ရိုက် ထုတ်လွှင့် သွားမည် ဖြစ်ကြောင်း သိရသည်။
0 comments:
Post a Comment