
ယခု ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက် မပိတ်သိမ်းမီတွင် ဂျပန်လက်ရွေးစင် ကိုင်ဆူကီဟွန်ဒါအား လာဇီယိုအသင်းက အပြီးသတ် ခေါ်ယူရန် စီစဉ်နေကြောင်း သိရှိရသည်။ ကွင်းလယ်ဖန်တီးမှုနှင့် တိုက်စစ်ချိတ်ဆက်မှုတို့တွင် ထူးချွန်သော အသက် (၂၅) နှစ်အရွယ် ကစားသမားအတွက် အီတလီ ကလပ်အသင်းက ယူရို (၁၄) သန်းမျှ ပြောင်းရွှေ့ကြေး သုံးစွဲရဖွယ် ရှိနေသည်။ CSKA မော်စကိုအသင်းတွင် ကစားနေသော ဟွန်ဒါကို လီဗာပူးလ်၊ ပဲရစ်စိန့်ဂျာမိန်းနှင့် ဂျူဗင်းတပ်စ်တို့ကလည်း စိတ်ဝင်စားခဲ့သေးသည်။ သို့သော်လည်း လာဇီယိုက ပြိုင်ဘက်များကို လက်ဦးမှုယူကာ ရုရှားကလပ်နှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း Sports Nippon သတင်းစာက ဖော်ပြခဲ့သည်။ ဟွန်ဒါသည် ဇန်နဝါရီလ (၃၁) ရက်နေ့ည ဈေးကွက်မပိတ်မီတွင် ရောမမြို့ခံ ကလပ်အသင်းနှင့် ဆေးစစ်မှုများ ပြုလုပ်ပြီး အပြီးသတ် စာချုပ်မည်ဟု သိရသည်။ ဟွန်ဒါသည် အသင်းနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ညှိနှိုင်းမှုများလည်း ပြုလုပ်ထားပြီး ဖြစ်သည်။ ဥရောပ ယူနီယံ အဖွဲ့ဝင်နိုင်ငံများမှ မဟုတ်သည့် ကစားသမား အရေအတွက် အကန့်အသတ်အရ ဟွန်ဒါကို ခေါ်ယူပြီးချိန်တွင် လာဇီယိုအတွက် စာရင်းပြည့်သွားပြီဟု သိရသည်။ ဟွန်ဒါသည် လာဇီယို ဥက္ကဋ္ဌ ကလော်ဒီယို လိုတီတိုနှင့် တွေ့ဆုံမှုများလည်း ပြုလုပ်ခဲ့သည်။ ယမန်နှစ် ဇန်နဝါရီလက အာရှဖလား တွင် ခြေစွမ်းပြခဲ့သည့် ဟွန်ဒါကို အင်္ဂလန် ကလပ်အချို့က စိတ်ဝင်စားမှု ပြသခဲ့ဖူးသည်။ ဟွန်ဒါသည် မိခင်နိုင်ငံရှိ ဂျေလိဂ်ပြိုင်ပွဲတွင် နာဂိုယာ ဂရမ်းပက်စ်နှင့် (၄) နှစ်ကြာ ကစားဖူးပြီး ဒတ်ခ်ျ ကလပ်ဗန်လိုသို့ ပြောင်းရွှေ့ကာ (၂၀၁၀) ပြည့်နှစ်၊ ဇန်နဝါရီလကမှ CSKA သို့ ရောက်ရှိ သွားခြင်း ဖြစ်သည်။
0 comments:
Post a Comment