
အမေရိကန်ပြည်ထောင်စုမှာ အောက်တိုဘာလ ၁၃ ရက်နေ့က ဘက်စုံသုံး ကိုယ်ခံပညာပြိုင်ပွဲ (Mixed Martial Artist-MMA) ကို ကျင်းပပြုလုပ်ရာမှာ မြန်မာနိုင်ငံက ကချင်လူမျိုးဖြစ်တဲ့ အောင်လအန်ဆိုင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာမှာ အမေရိကန်နိုင်ငံသား ဂျက်ဆင်လော့ခ်ကို အလဲထိုးဖြင့် အနိုင်ရ ရှိခဲ့တယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံသား ကချင်ပြည်နယ်ဖွား အောင်လအန်ဆိုင်းဟာ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ မစ်ချီကန်စီးပွားရေး တက္ကသိုလ်နဲ့ မွေးမြူရေးသိပ္ပံဘွဲ့ ရရှိထားသူ တစ်ဦးဖြစ်ပြီး၊ သူဟာ Mixed Martial Arist ဆိုတဲ့ ဘက်စုံသုံး ကိုယ်ခံပညာကို ၂၀၀၄ ခုနှစ်ကတည်းက စတင် သင်ကြားခဲ့သူဖြစ်ပြီး၊ အမေရိကန်ပြည်ထောင်စုမှာ ပြုလုပ်ကျင်းပတဲ့ အဆိုပါ ပွဲများများကိုလည်း ဝင်ယှဉ်ပြိုင် ထိုးသတ်ခဲ့ရာမှာတော့ လက်ရှိအချိန်အထိ နိုင်ပွဲပေါင်း (၁၄) ပွဲနဲ့ ရှုံးပွဲ (၈) ပွဲရရှိပြီး ဖြစ် တယ်လို့လည်း ဆိုပါတယ်။ အောင်လအန်ဆိုင်းဟာ ယခုပြိုင်ပွဲက ရရှိတဲ့ ဆုကြေးငွေနဲ့ ငွေကြေးအားလုံးကို ကချင်ပြည်နယ်မှာရှိတဲ့ ဒုက္ခသည် တိုင်းရင်းသားများအတွက် လှူဒါန်းသွားမည် ဖြစ်ကြောင်းကိုလည်း အဆိုပါ ပွဲမယှဉ်ပြိုင်မီကတည်းက ပြောကြားထားခဲ့သူဖြစ်ပြီး စစ်ဘေးဒုက္ခ ရောက်နေကြတဲ့ ကချင် တိုင်းရင်းသားများကို စာနာမိကြောင်း အောင်လအန်ဆိုင်း က ပြောပါတယ်။ အမေရိကန်ပြည်ထောင်စု မှာ အောင်လအန်ဆိုင်းကို 'မြန်မာပြည်စပါးအုံး' (The Burmese Python) လို့ MMA လောကမှာ နာမည်ပြောင်နဲ့ ခေါ်ဆိုကြတယ်လို့ သိရပါတယ်။
0 comments:
Post a Comment