
ထမင်းအသက် ခုနစ်ရက်၊ ရေအသက် တစ်မနက်လို့ ဆိုရိုးရှိပါတယ်။ ဒါကြောင့် ရေဟာ လူသားတွေရဲ့ အသက်ရှင်သန်ရေးမှာ အရေးပါနေပါတယ်။ ကျွန်တော်တို့ လူတွေရဲ့ အလေးချိန် ခုနစ်ဆယ် ရာခိုင်နှုန်းဟာ ရေဖြစ်ပါတယ်။ သာမန် အရွယ်ရောက်ပြီး လူတစ်ယောက်ရဲ့ အလေးချိန် ၆၅ ကီလိုရှိရင် ရေက လီတာ ၄၀ ပါဝင်ပါတယ်။ ခန္ဓာကိုယ်မှာရှိတဲ့ ဒီရေ ၄၀ လီတာဟာ ခန္ဓာကိုယ်ကို တည်ဆောက်ထားတဲ့ ဆဲလ်တွေထဲမှာ Intracellular အဖြစ် ၂၈ လီတာနဲ့ ဆဲလ်တွေရဲ့ အပြင်မှာရှိတဲ့ Extracellular အနေနဲ့ ၁၂ လီတာ ရှိပါတယ်။ ဒီဆဲလ်ပြင်ပရှိတဲ့ ရေ ၁၂ လီတာဟာ ဆဲလ်ကြားရည် (Interstitial Fluid) ၁၀ လီတာခန့်နဲ့ သွေးကြောထဲမှာ Plasma အရည်အဖြစ် နှစ်လီတာခန့် ရှိပါတယ်။ ခန္ဓာကိုယ်ထဲရှိရေဟာ အမြှေးပါးတွေ အားလုံးကို ဖြတ်သန်းသွားနိုင်ပါတယ်။ ဒါပေမဲ့ အထက်ပါ ရေအချိုးအဆအတိုင်း တည်ရှိနေအောင် Osmoticpressure နဲ့ Hydrostatic Pressure နှစ်ခုတို့က ထိန်းညှိပေးပါတယ်။ ရေဟာ လူ့ခန္ဓာကိုယ်မှာ မရှိမဖြစ် အရေးကြီးရတဲ့ အကြောင်းရင်းက ခန္ဓာကိုယ်ထဲရှိ ဓာတ်ဆား (Electrolytes) တွေကို ထိန်းညှိပေးဖို့ပါပဲ။
ဒီဓာတ်ဆားတွေကတော့ ဆိုဒီယမ်၊ ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကလိုရိုက်၊ဖော့စဖိတ်၊ ဘိုင်ကာဗွန်နိတ်နဲ့ ဆာလဖိတ်တို့ ဖြစ်ပါတယ်။ ဆိုဒီယမ်နဲ့ ကလိုရိုက်က ဆဲလ်ပြင်ပရည်မှာ အဓိကရှိပြီး ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖိတ်နဲ့ ဆာလ်ဖိတ်တို့က ဆဲလ်တွင်းရည်အဖြစ် အဓိက ရှိကြပါတယ်။ ဒီဓာတ်ဆားရည်တွေရဲ့ ပြင်းအား (Concentration) တွေဟာ နေရာအလိုက် ကွဲပြားခြားနားမှု ရှိကြပါတယ်။ ကျွန်တော်တို့ ကိုယ်ခန္ဓာမှာ ရေနဲ့ ဓာတ်ဆားတွေ ပုံမှန်အားဖြင့် မျှခြေရှိနေမှသာ ပုံမှန်ဇီဝကမ္မ လုပ်ဆောင်မှု ရှိနိုင်ပါတယ်။ ရေနဲ့ ဓာတ်ဆား (Electrolytes) အချိုးအဆ ချို့ယွင်းပါက ခန္ဓာကိုယ်တွင်း Acid-Base Equilibrium မရှိတော့တာကြောင့် ကိုယ်ခန္ဓာ ဇီဝကမ္မ လုပ်ဆောင်ချက် (Metabolism) ပုံမှန်လုပ်ဆောင်နိုင်မှု မရှိတော့ပါဘူး။ လူ့ခန္ဓာကိုယ်မှ နေ့စဉ် အသက်ရှူထုတ်တာကြောင့် အရေပြားမှာ အငွေ့ပျံပြီး ရေဆုံးရှုံးမှုဟာ ၆၀၀ မီလီလီတာမှ ၁၀၀၀ မီလီလီတာ ရှိပါတယ်။ ဒါကြောင့် သာမန်အားဖြင့် တစ်နေ့ကို အနည်းဆုံး ရေရှစ်ဖန်ခွက်လောက် သောက်သင့်ပါတယ်။ ပိုမိုသောက်နိုင်ရင် ပိုကောင်းပါတယ်။ အကယ်၍ တခြားသော အကြောင်း ဥပမာ - ဝမ်းလျှောတာ၊ အန်တာ၊ အလွန်အကျွံ ချွေးထွက်တာကြောင့် ခန္ဓာကိုယ်မှ ရေဆုံးရှုံးမှု (Dehydration) များပါက ရေနဲ့အတူ ဆုံးရှုံးခဲ့တဲ့ ဓာတ်ဆားတွေ ပြန်ဖြည့်ဆည်းပေးဖို့ ORS ဓာတ်ဆားရည် တိုက်ကျွေးသင့်ပါတယ်။
သာမန်ရေကိုလည်း ၁၅၀၀ မီလီလီတာမှ (ရေဆုံးရှုံးမှု အခြေအနေ ပြင်းထန်ပါက) ၂၅၀၀ မီလီလီတာ သောက်သုံးသင့်ပါတယ်။ ဒါမှသာ Dehydration မဖြစ်ဘဲ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မ လုပ်ဆောင်မှု ပုံမှန်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ပါးစပ်ကနေ သောက်ဖို့ အခက်အခဲရှိရင် ဂလူးကို့စ် သွေးကြောသွင်းဆေးရည် ပေးပါမယ်။ ရေသောက်တာကို သာမန် ကျန်းမာသူ တိုင်း သောက်နိုင်သလောက် သောက်သင့်တာ မှန်တယ်။ ဒါပေမဲ့ တချို့သောသူတွေမှာ ရေသောက်များတာကြောင့် ဘေးအန္တရာယ် (Water Intoxication) ဖြစ်တတ်ပါတယ်။ အဲဒီလူတွေကတော့ ကျောက်ကပ်ရောဂါရှိသူ၊ နှလုံးရောဂါ (Congestive Heart Failure) ရှိသူနဲ့ အသည်းရောဂါ (Hepatic Cirrhoiss) ရှိသူတို့ပါပဲ။ ဒီလိုအခြေအနေမျိုးမှာ ခန္ဓာကိုယ်တွင်း ကျောက်ကပ်မှ ရေတွေ စစ်မထုတ်ပေးနိုင်တာကြောင့် ဖောရောင်ပြီး ကိုယ်တွင်းရေနစ်ခြင်း (Internal Drawning) ဖြစ်တတ်ပါတယ်။ ဒီလိုအခြေအနေ ဖြစ်လာရင် ခေါင်းမူးခေါင်းကိုက်တာ၊ ပျို့အန်တာ၊ စိတ်ရှုပ်ထွေးတာ၊ ပြင်းထန်တဲ့ အကြောဆွဲတာကြောင့် မေ့မြောပြီး အသက်ဆုံးနိုင်ပါတယ်။ ဒါကြောင့် သာမန်လူတစ်ယောက်က ရေကို နေ့စဉ်လိုအပ်ချက် ရှစ်ဖန်ခွက် သောက်ပေးပါက သွေးလှည့်ပတ်မှု ကောင်းစေတာကြောင့် အသားအရေ စိုပြည် ပြီး ရောဂါ ကင်းစေပါတယ်။ သွေးလှည့်ပတ်မှု ကောင်းတာကြောင့် ခန္ဓာကိုယ်မှ အညစ်အကြေးတွေကို အသည်းနဲ့ ကျောက်ကပ်တို့မှ လျင်မြန်စွာ ဖယ်ရှားပေးတဲ့အတွက် ကျန်းမာသန်စွမ်းပြီး အသားအရေ လှပစေပါတယ်။ အားလုံး ရေသောက်ကြပါလို့ တိုက်တွန်းပါရစေ။
0 comments:
Post a Comment