ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏ “ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့” အမည်ရှိ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ ပေါင်းချုပ်စာအုပ် မိတ်ဆက်ပွဲကို ၈-၁၀-၂၀၁၂ ရက်တွင် ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်းရှိ တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပသည်။
အဆိုပါ စာအုပ်ကို ဖြိုးမောက်သာစာစဉ်က ထုတ်ဝေ၍ ဓူဝံစာပေက ၂၉-၁၀-၂၀၁၂ ရက်တွင် ဖြန့်ချိသွားမည်ဖြစ်ကြောင်း သိရသည်။ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏ သားဖြစ်သူ ဦးအောင်ကျော်ဇောက “အဖေရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်ကို ထုတ်ဝေပေးတဲ့သူနဲ့ လူငယ်မျိုးဆက်တွေလက်ထဲ ရောက်အောင်ပို့ပေးတဲ့အတွက် ကျေးဇူးတင်ရှိကြောင်း” ဖုန်းမှတစ်ဆင့် ပြောကြားခဲ့သည်။ “ဒီစာအုပ်ကို ထုတ်ဝေခွင့်ပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောရဲ့ စာအုပ်က ပြည်ပမှာပဲ ထုတ်သေးတာ။ ပြည်တွင်းမှာ မထုတ်သေးတဲ့အတွက် လိုအပ်ချက်တစ်ခုကြောင့် ထုတ်တာပါ။ ပြည်ပမှာ ထုတ်ထားတဲ့အတိုင်း မူရင်းစာလုံးတွေ အားလုံး မပျက်အောင် လုပ်ထားပါတယ်။ နောက်ထပ်လည်း ဦးကျော်ဇောနဲ့ ပတ်သက်တဲ့ စာအုပ်တွေကို ထုတ်သွားမှာပါ” ဟု ဦးဘိုဘိုက ပြောသည်။ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောသည် ရဲဘော်သုံးကျိပ်ဝင် တစ်ဦးဖြစ်ပြီး စစ်ပြီးခေတ် မြန်မာ့တပ်မတော်ကို ပြန်လည်ဖွဲ့စည်းရာတွင် ပါဝင်ခဲ့သူ တစ်ဦးဖြစ်ကြောင်း သိရသည်။

Source : http://www.yatanarpon.com.mm
0 comments:
Post a Comment