
ခရီးသွားပြည်သူနှင့် နိုင်ငံတော် အစိုးရကြား ပေါင်းကူးနိုင်ရန်အတွက် မြန်မာနိုင်ငံ ခရီးသည်ပို့ဆောင်ရေး ယာဉ်လုပ်ငန်းရှင်များ အသင်းကို ယခုလအတွင်း ဖွဲ့စည်းသွားမည်ဟု သိရသည်။ အဆိုပါအသင်း ဖွဲ့စည်းပြီးပါက ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များကို စည်းရုံးကာ ဝန်ဆောင်မှုသင်တန်းများ ပို့ချပေးခြင်း၊ ခရီးသည်များ၏ လိုအပ်ချက်အတိုင်း ယာဉ်သစ် တိုးချဲ့ပြေးဆွဲခြင်း၊ ယာဉ်လုပ်သားများ၏ စားဝတ်နေရေး ပြေလည်စေပြီး ယာဉ်ပိုင်ရှင်များ စီးပွားဖြစ် လုပ်ငန်း ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရသည်။ "အခုလိုမျိုးအသင်း ဖွဲ့စည်းတယ် ဆိုတာကလည်း အခုချိန်မှာ ကျွန်တော်တို့က မထသရဲ့ လက်အောက်မှာ ဖြစ်တဲ့အတွက် ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်လို့ မရဘူး။ သူတို့ ဆုံးဖြတ်ရင်လည်း ယာဉ်ပိုင်ရှင်တွေကို ခေါ်ယူဆွေးနွေးတာ မရှိဘူး။ ကျွန်တော်တို့ အသင်းက မြန်မာတစ်နိုင်ငံလုံး ဖြစ်တဲ့အတွက် တိုင်းနဲ့ ပြည်နယ်အလိုက် ခရီးသွားပြည်သူ အဆင်ပြေဖို့ ဆောင်ရွက်ရမှာပါ” ဟု အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အများပိုင် ကုမ္ပဏီအဖြစ် မြန်မာနိုင်ငံ ခရီးသည်ပို့ဆောင်ရေး ယာဉ်လုပ်ငန်းရှင်များ အသင်း ဖွဲ့စည်းရန်အတွက် UMFCCI တွင် အသင်းဝင်ကတ်ပြား ထုတ်ယူပြီးဖြစ်ကြောင်း၊ သို့ဖြစ်၍ ဖွဲ့စည်းမိန့် ကျပြီးပါက ယခုလအတွင်း အကောင်အ ထည်ဖော် ဆောင်ရွက်သွားရန် စီစဉ်နေကြောင်း သိရသည်။ ယာဉ်ပိုင်ရှင်များအတွက် ယာဉ်သစ်ဝယ်ယူရန် ဘဏ်နှင့် ချိတ်ဆက် ဆောင်ရွက်ခြင်းများအပြင် သက်ဆိုင်ရာ အစိုးရအဖွဲ့များနှင့် ဆွေးနွေးကာ ကားပြခန်းများ၊ အဝေးပြေး သယ်ယူပို့ဆောင်ရေး၊ မြို့တွင်း သယ်ယူပို့ဆောင်ရေးများကို တိုးမြှင့်ဆောင်ရွက်မည် ဖြစ်ကြောင်း၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်တို့ရှိ ယာဉ်လုပ်ငန်းရှင်များ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် အသင်းဝင် ၃၀ ဦးခန့်သာ ရှိသေးကြောင်း သိရသည်။
12:33 AM
ကျော်စွာစစ်သူ
Posted in:






0 comments:
Post a Comment