October 22, 2012

တေဗက်ဇ်အားခေါ်ယူလျှင် ဂျူဗင်တပ်စ်၏ ပြန်လည်တည်ဆောက်ရေးလမ်းစဉ်ကို ပျက်စီးစေမည်ဟု မော့ဂီသတိပေး



စီးရီးအေ ထိပ်သီး ဂျူဗင်တပ်စ် အသင်း၏ အထွေထွေ ဒါရိုက်တာဟောင်း လူစီယာနိုမော့ဂီက ဂျူဗင်တပ်စ် အသင်း အနေဖြင့်  မန်စီးတီး အသင်း၌ နည်းပြ မန်စီနီနှင့် ပြဿနာ ဖြစ်နေသော အာဂျင်တီးနား တိုက်စစ်မှူး တေဗက်ဇ်အား ဇန်နဝါရီ အပြောင်းအရွှေ့ ကာလ၌ ခေါ်ယူမည်ဆိုလျှင် အသင်း ပြန်လည် တည်ဆောက်ရေး လုပ်ငန်းစဉ်ကို ထိခိုက် ပျက်စီးစေနိုင်ကြောင်း သတိပေး ပြောကြားသွားခဲ့သည်။ တေဗက်ဇ်သည် ဘိုင်ယန်မြူးနစ်နှင့် ချန်ပီယံလိဂ် ပွဲစဉ်တွင် လူစားဝင် ကစားရန် ငြင်း ဆန်ခဲ့ရာမှတစ်ဆင့် ၎င်း၏ မန်စီးတီး ကစားသမားဘဝ အဆုံးသတ်သွားခဲ့ပြီဟု နည်းပြ မန်စီနီက ကြေညာခဲ့ပြီး မန်စီးတီး အသင်း တာဝန်ရှိသူများကလည်း တေဗက်ဇ်အား (၂) ပတ် ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့သည်။ ယခုအခါ တေ ဗက်ဇ်မှာ ပြစ်ဒဏ်ကာလ ပြီးဆုံးခဲ့ပြီ ဖြစ်၍ ပြီးခဲ့သည့် ကြာသပတေးနေ့က လေ့ကျင့်ခန်း စဆင်းခဲ့ပြီး မန်စီနီကမူ ၎င်းအား တစ်ဦး တည်း လေ့ကျင့်ခန်း ပြုလုပ်စေခဲ့သည်။ သို့ဖြစ်ရာ မန်စီနီနှင့် တေဗက်ဇ်အကြား ပြဿနာမှာ တစ်စစ ကြီးထွားလာခဲ့သလို တေဗက်ဇ် အနေဖြင့်လည်း မန်စီးတီး ပထမအသင်း၌ ပါဝင်ခွင့် ရရှိရန် မလွယ်ကူတော့ဟု သုံးသပ်လျက် ရှိသည်။ မော့ဂီက တေဗက်ဇ်မှာ ကစားသမားကောင်း တစ်ဦး ဖြစ်သော်လည်း ဂျူဗင်တပ်စ် အနေဖြင့် ၎င်းအား ခေါ်ယူခဲ့မည်ဆိုလျှင် တူရင်၌ အသင်း ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်ကို ပျက်စီး ထိခိုက်စေနိုင်ကြောင်း ယုံကြည်လျက် ရှိသည်။ “တေဗက်ဇ်ကို ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ ခေါ်ယူခဲ့မယ်ဆိုရင် ဂျူဗင်တပ်စ်ရဲ့ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ် အကြီးအကျယ် ထိခိုက် ပျက်စီးသွားနိုင်ပါတယ်” ဟု မော့ဂီက ပြောကြားသွားခဲ့သည်။ အခြားသတင်းတစ်ရပ်အရ အင်္ဂလန် အသင်း နည်းပြ ကာပယ်လိုက ဂျူဗင်တပ်စ် အသင်း၏ ကွင်းသစ် စီမံကိန်းနှင့် အစီအစဉ်များအား ချီးကျူးခဲ့သည်။ ဂျူဗင်တပ်စ် အသင်းသည် ဒေသတွင်း ကောင်စီမှ ငှားရမ်း အသုံးပြုခြင်း မရှိဘဲ ကိုယ်ပိုင်ကွင်း ပိုင်ဆိုင်သည့် ပထမဆုံး စီးရီးအေ ကလပ် ဖြစ်လာခဲ့သည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Modern Warfare 3